Connect with us

Politics, Law & Military

တစ်နှစ်လျှင် ခရီးသည် ရှစ်သန်း ကိုင်တွယ်ဆောင်ရွက်နိုင်မည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် စီမံကိန်း စတင်ပြီဟုဆို

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယခုနှစ် နှစ်ဆန်းပိုင်းက ခရီးသွားလာနေကြသော ခရီးသွားဧည့်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

လျာထား မြေဧက ၉,၆၉၀ ဒသမ ၄ ဧက ပေါ်တွင် တည်ဆောက်ရန် စီစဉ်လျက် ရှိသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ၂၀၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားပြီး တစ်နှစ်လျှင် ခရီးသည် ရှစ်သန်း ကိုင်တွယ် ဆေင်ရွက်နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးနေဝင်းက ဆင်ဟွာ သတင်းဌာနသို့ ဖြေကြားခဲ့သည်။

“လက်ရှိမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က တစ်နှစ်ကို ခရီးသည် ခြောက်သန်းကျော်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်က တစ်နှစ်ကို ခရီးသည် တစ်သန်းကျော် ကိုင်တွယ် ဆောင်ရွက်လျက်ရှိပါတယ်၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း အဆင့်(၁) ဆောင်ရွက် ပြီးစီးချိန် ၂၀၂၇ မှာ မြန်မာနိုင်ငံရဲ့ Major Gateway အဖြစ် လျာထားပြီး တစ်နှစ်ကို ခရီးသည် ရှစ်သန်းကျော် ကိုင်တွယ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းလာသော စီးပွားရေးကို အထောက်အကူ ဖြစ်စေရန် အနာဂတ်တွင် နိုင်ငံတကာ လေဆိပ်ကြီး တစ်ခု မဖြစ်မနေ လိုအပ်ခြင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြေနေရာ အနေအထားအရ လေယာဉ်ပြေးလမ်းသစ် ထပ်မံ တည်ဆောက်ရန် မဖြစ်နိုင်တော့ခြင်း၊ လေယာဉ် ရပ်နားနေရာ ထပ်မံ တိုးချဲ့မှု မရှိခြင်းနှင့် operation ဆောင်ရွက်ရာတွင် ကန့်သတ်မှုများ ရှိနေခြင်း စသည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဖြေကြားခဲ့ သည်။

“Preparatory Feasibility Study အရ စီမံကိန်း ပထမ အဆင့် တည်ဆောက်ရေး ကုန်ကျ စရိတ် အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၁,၂၀၀ ခန့်မှန်းထားပါတယ်၊ မြေယာလျော်ကြေး ပေးချေမှု အတွက် လိုအပ်တဲ့ ရန်ပုံငွေတွေကို နိုင်ငံတော်ကို တင်ပြတောင်းခံပြီး ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့က ကော်မတီ သုံးရပ် ဖွဲ့ပြီး သတ်မှတ်စံနှုန်းတွေအတိုင်း ပေးချေ ဆောင်ရွက်နေပါတယ်” ဟုလည်း ညွှန်ကြားရေးမှူးက ရှင်းလင်း ဖြေကြားခဲ့သည်

အဆိုပါ လေဆိပ် စီမံကိန်းအား ODA ချေးငွေဖြင့် ရယူ ဆောင်ရွက်သွားမည် ဖြစ်ရာ ODA ချေးငွေ ရရှိနိုင်ရေးအတွက် Feasibility Study Team က Feasibility Study လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ညှိနှိုင်းမှု အစည်းအဝေးများ ၁၂ ကြိမ် ကျင်းပခဲ့ပြီး ဆက်လက် ဆွေးနွေးမှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လည်း သိရသည်။ (Xinhua)