Connect with us

Politics, Law & Military

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့ကို ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးကောက်တင်မြှောက်ရန် လျာထား

ယခင်ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေး တစ်ရပ်အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်ရန် အစည်းအဝေး လျာထားချက်အား ယနေ့ ထုတ်ပြန်ခဲ့သည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို အစီအစဉ် ၁၅ ခုဖြင့် ကျင်းပမည် ဖြစ်ပြီး သဘာပတိတင်မြှောက်ခြင်း ၊ ပြည်သူ့လွှတ်တော် အစည်းအဝေး အထမြောက်ကြောင်း နှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်း နှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း တို့ နှင့် အတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်ခြင်း ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်း နှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက် စကား ပြောကြားခြင်းတို့ လျာထားချက် အစီအစဉ်တွင် ပါဝင်ကြောင်း သိရသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပမည့် အစီအစဉ်များမှာ လျာထားချက် ဖြစ်သောကြောင့် အစည်းအဝေးအစီအစဉ် အပြောင်းအလဲရှိနိုင်ကြောင်းလည်း အသိပေးထားသည်။ထို့အတူ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာခဲ့သည့် တတိယ အကြိမ် အမျိုးသား လွှတ်တော် ပထမနေ့ အစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်တွင် ရွှေ့ပြောင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ကျင်းပရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဇန်နဝါရီလအတွင်း နေပြည်တော်၌ ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ထည့်သွင်း ပြောကြားထားသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၅၈ ဦး ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၁၃၈ ဦး ၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၅၀၁ ဦး နှင့် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၃ ဦး စုစုပေါင်း ၉၂၀ ဦးဖြင့် အများဆုံး အနိုင်ရရှိထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.