Connect with us

Politics, Law & Military

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်(လေ)ကို ခေတ်မီလေတပ်မတော်အဖြစ် တည်ဆောက်ရမည်ဟုဆို

နှစ်(၇၀)ပြည့် တပ်မတော်(လေ) နှစ်ပတ်လည်နေ့နှင့် လေယာဉ်များ တပ်တော်ဝင် အခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာ့တပ်မတော်သည် သာလွန်သော လေကြောင်းစွမ်းအား ဖြစ်လာစေရေးအတွက် တပ်မတော်(လေ)ကို ခေတ်မီလေတပ်မတော်အဖြစ် တည်ဆောက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် နှစ်(၇၀)ပြည့် တပ်မတော်(လေ) နှစ်ပတ်လည်နေ့နှင့် လေယာဉ်များ တပ်တော်ဝင် အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လေကြောင်းစွမ်းအားသာလွန်မှုကို အသုံးပြုပြီး စစ်ပွဲအောင်နိုင်ရေးအတွက် ပြိုင်ဘက်အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် မိမိတို့၏ တပ်များတိုက်စွမ်းရည် ပိုမိုတိုးတက်စေရန်အတွက် လေကြောင်း စစ်ဆင်ရေးကို အဓိကထား အသုံးပြုလာသည်ကိုတွေ့ရှိ ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်သာလွန်သည့် လေကြောင်းစွမ်းအား ဖြစ်လာစေရေးအတွက် မိမိတို့တပ်မတော်၏လေတပ်ကို ခေတ်မီလေတပ်မတော်အဖြစ် တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ခေတ်မီတပ်မတော် တည်ဆောက်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာယာဉ် ယန္တရားများ၊ စစ်လက်နက်ပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်နေရုံဖြင့် မလုံလောက်ဘဲ အဆိုပါ ခေတ်မီ စစ်လက်နက် ပစ္စည်းများအား အသုံးချနိုင်ရန်အတွက် စဉ်ဆက်မပြတ် လေ့လာပြီးကျွမ်းကျင်မှုရှိစေရန် အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လေ့လာလေ့ကျင့်ခဲ့မှုများကို လက်တွေ့နယ်ပယ်တွင် မိမိတို့၏ ဆင်ခြင်သုံးသပ်မှုနှင့် စစ်ပညာ၊ စစ်ဥပဒေများ၊ သိပ္ပံပညာရပ်များနှင့်အတူ လိုက်နာကျင့်သုံးအကောင် အထည်ဖော်သွားရမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

ယနေ့ကျင်းပပြုလုပ်သည့် တပ်တော်ဝင်အခမ်းအနားတွင် Yak -130 အမျိုးအစား လေယာဉ် ၆ စီး၊ Fokker- 70 အမျိုးအစားလေယာဉ် ၂ စီးနှင့်၊ ATR 42-320 အမျိုးအစား လေယာဉ် ၂ စီး စုစုပေါင်း ၁၀ စီးကို တပ်တော်ဝင်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.