Connect with us

Politics, Law & Military

တရားဥပဒေစိုးမိုးရန် လက်ရှိ ရဲအင်အားကို သုံးဆ တိုးရမည်

နေပြည်တော်၊ ပျဉ်းမနားမြို့ မြို့မ ရဲစခန်း၊ ဒုတိယ ရဲမှူး တင်ဌေး အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးနှင့် ဒုစရိုက်မှုများ လျော့ပါးရေးအတွက် လက်ရှိရဲတပ်ဖွဲ့ဝင် အင်အားကို သုံးဆ တိုးပေးဖို့လိုသည်ဟု နေပြည်တော်၊ ပျဉ်းမနားမြို့ မြို့မ ရဲစခန်း၊ ဒုတိယ ရဲမှူး တင်ဌေးက ပြောသည်။

“ရဲအင်အား နည်းပါးမှု မလုံလောက်မှုက ပျဉ်းမနားမြို့တင် မဟုတ်ဘူး၊ နေပြည်တော် ရှစ်မြို့နယ်မှာရော တစ်နိုင်ငံလုံးမှာပါ ဖြစ်နေတာပါ။ လက်ရှိ ရဲအင်အားအရ ရဲတစ်ယောက်ကို ပြည်သူ ၂,၇၀၀ ကျော် အချိုးရှိနေတယ်။ အမှန်က နိုင်ငံတကာ စံအရတော့ ရဲတစ်ဦးကို ပြည်သူ ၇၀၀ ဦး အချိုးပဲ ရှိသင့်တယ်။ အမှန်တကယ် တရားဥပဒေ စိုးမိုးရေး၊ ဒုစရိုက်မှု လျော့ကျရေး ဆောင်ရွက်နိုင်ဖို့က လက်ရှိ ရဲတပ်ဖွဲ့ဝင် အင်အားကို သုံးဆ ထပ်တိုးဖို့လိုပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
မန္တလေး၊ ရန်ကုန် မြို့ကြီးများတွင် လုယက်မှု၊ ရမ်းကားမှုများ မကြာခဏ ဖြစ်ပွားနေသကဲ့သို့ သမ္မတ တိုက်ရိုက် အုပ်ချုပ်သည့် နေပြည်တော် ပျဉ်းမနားမြို့တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လုယက်မှု၊ အုပ်စုဖွဲ့ရမ်းကားမှုနှင့် အုပ်စုလိုက် ခိုက်ရန် ဖြစ်ပွားမှုတို့ ပေါ်ပေါက်ခဲ့သဖြင့် ဖြစ်ရသည့် အကြောင်းရင်းများနှင့် ကိုင်တွယ်ဖြေရှင်းနေမှုတို့ကို မီဒီယာက သွားရောက် မေးမြန်းခဲ့ရာ ဒုတိယ ရဲမှူးက ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ပျဉ်းမနားမြို့မှာတော့ နှင်းဆီ ပန်းအဝိုင်းနားက ဆိုင်တွေကြောင့်လည်း ဒုစရိုက်မှုတွေ ဖြစ်နေတာ။ နှင်းဆီပန်း အဝိုင်းက မြို့နယ် နှစ်ခု ဖြစ်တဲ့ပျဉ်းမနားနဲ့ ပုဗ္ဗသီရိ မြို့နယ် စပ်ကြားမှာ ရှိနေပြီး တစ်ဘက်မှာ ပန်းခြံ ရှိနေတယ်။ စားသောက်ဆိုင်တွေနဲ့ပန်းခြံကို မှီပြီး ပြည့်တန်ဆာတွေရော၊ မူးယစ်ဆေးသမားတွေ၊ လိင်တူဆက်ဆံသူ တွေရော လိုင်းစုံ ရောက်နေပြီး လှုပ်ရှားကြတယ်။ အဲဒီတစ်ဝိုက်က ဆိုင်တွေ မရှိသင့်တဲ့အကြောင်း ပျဉ်းမနားက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့လယ်ဝေးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ပြီး ကျွန်တော် ပြောပြီးပါပြီ။ ကျွန်တော်တို့အပိုင်းကတော့ ဆိုင်တွေ ရှင်းလင်းဖို့က ရဲတပ်ဖွဲ့ရဲ့လုပ်ပိုင်ခွင့်ထဲမှာ မရှိဘူး။ အမှန်က ဒီဆိုင်တွေက မရှိသင့်ဘူး” ဟု ၎င်းက ရှင်းပြသည်။
ထို့အပြင် ပျဉ်းမနားမြို့တွင် မူးယစ်ဆေး အလွယ်တကူ ဝယ်ယူ သုံးစွဲမှုများ ရှိခြင်း၊ လူငယ်အချို့က အုပ်စုဖွဲ့ပြီး လမ်းသရဲ ဆန်ဆန် ရမ်းကားချင်သည့် စိတ်များ ရှိခြင်း၊ နဂိုတည်းက စရိုက်ကြမ်းသူများ ရှိကြပြီး စရိုက်ကြမ်းသည့် အပေါ်မှာ မူးယစ်ဆေးဝါးနှင့် အရက်သေစာများကြောင့် လက်ရှိ အခက်အခဲများကို ဖြေရှင်းသည့်အခါ အလွယ်နည်းဖြင့် ဒုစရိုက်မှုများ ကျူးလွန်ကြခြင်းတို့ ရှိကြကြောင်း၎င်းက ပြောသည်။ “မူးယစ်ဆေး စွဲတဲ့အခါကျတော့ ဆေး မသုံးစွဲရရင်လည်း ရန်ရှာတယ်။ သုံးစွဲပြီးရင်လည်း ရန်ရှာတယ်” ဟု ၎င်းက ကောက်ချက်ချသည်။
ပျဉ်းမနားမြို့တွင် အဆိုပါ နှင်းဆီ ပန်းဝိုင်းအနီးသာမက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့အပါအဝင် လူအသွားအလာများသည့် နေရာအချို့တို့တွင်ပါ ဓားထောက် လုယက်ခြင်း၊ အုပ်စုလိုက် ခိုက်ရန် ဖြစ်ခြင်းများ ပေါ်ပေါက်ခြင်းနှင့် အချိန်မီ မအုပ်စီး နိုင်ခြင်းမှာ နယ်မြေများတွင် နယ်ထိန်းအင်အား အလုံအလောက် မရှိခြင်းတို့ကြောင့် ဖြစ်သည် ဆို၏။
ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံများတွင် ရဲသားတစ်ဦးက ပြည်သူ ၆၅၀ ဦးမှ ၇၀၀ ဦးခန့်၏ လုံခြုံရေးကို တာဝန်ယူစေ သော ဖွဲ့စည်းပုံဖြင့် ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ပျဉ်းမနားမြို့တွင် ရပ်ကွက် ခြောက်ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၃၀ တို့၌ လူဦးရေ ၂၅၇,၀၀၀ ကျော်ရှိရာ ရဲတပ်ဖွဲ့ဝင် တစ်ဦးသည် ပြည်သူ ၃,၂၀၀ ဦး၏ လုံခြုံရေးကို တာဝန်ယူထားရသည့် အနေအထားမျိုး ဖြစ်သောကြောင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရန် အခက်တွေ့နေရခြင်း ဖြစ်သည်ဟုလည်း ဒုတိယ ရဲမှူးက ပြောသည်။
“တရားဥပဒေ စိုးမိုးရေး လိုချင်တယ် ဆိုရင် ပြည်သူက ရဲတပ်ဖွဲ့နဲ့ပူးပေါင်းရမယ်။ ရဲ အရေးပိုင်တဲ့ ပြစ်မှု မှန်သမျှကို ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၉ အရ အရပ်သားများက ဖမ်းဆီးပိုင်ခွင့် ရှိတယ်ဆိုတာ ပြဌာန်းပြီးသား ရှိတယ်။ ပြစ်မှု ကျူးလွန်သူတွေကို ပြည်သူက ပူးပေါင်း ပါဝင် ဖမ်းဆီးမယ်ဆိုရင် မှုခင်း ကျူးလွန်သူ တွေအတွက် နေရာ ကျဉ်းသွားပြီးတော့ လူကောင်းတွေကြားမှာ ရှိနေတဲ့ လူဆိုးတွေ တဖြည်းဖြည်း ပပျောက်သွားမယ်။ ဒီလို မလုပ်နိုင်ရင် လူဆိုးတွေက ပိုများလာပြီး လူကောင်းတွေက နေရာ ဖယ်ပေးရမယ့် သဘောရှိတယ်” ဟုလည်း ၎င်းက သုံးသပ် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.