Connect with us

Politics, Law & Military

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ကို မတရားအသင်းမှ ပယ်ဖျက်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့ ကို မတရားအသင်း အက်ဥပဒေ အရ မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက် (ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး လက်မှတ် ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့ကို ယနေ့ မတရားအသင်း အက်ဥပဒေ အရ မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေး လိုက်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော်(တောင်ပိုင်း) (SSA) တို့ကို ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို လက်မှတ်ဖြင့် မတရားအသင်းမှ ပယ်ဖျက် ပေးခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှစ်ဖွဲ့ ကို အကြမ်းဖက်သူများ အဖြစ်မှ ပယ်ဖျက်ပေးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက် (ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

အဆိုပါ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ် ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း ဆက်လက်ပြီး မတရားမသင်းမှ ပယ်ဖျက် ပေးသွားဖွယ် ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ထံမှ သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)ကို ယခုလ ၁၅ ရက်နေ့တွင် နေပြည်တော်၌ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ က လက်မှတ်ရေးထိုးမည်ဖြစ်သည်။

လက်မှတ်ထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/ KNLA-PC) ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော်(တောင်ပိုင်း) (SSA) တို့ ဖြစ်သည်။ (Xinhua)