Connect with us

Politics, Law & Military

ဒုတိယ အကြိမ် လွှတ်တော် အသီးသီး၏ ပထမ ပုံမှန် အစည်းအဝေး ခေါ်ယူ ကျင်းပနိုင်ရေး ညှိနှိုင်း

ဒုတိယ အကြိမ် လွှတ်တော် အသီးသီး၏ ပထမ ပုံမှန် အစည်းအဝေး ခေါ်ယူ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-H.E. Thura U Shwe Mann Facebook)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် လွှတ်တော် အသီးသီး၏ ပထမ ပုံမှန် အစည်းအဝေးကို ခေါ်ယူ ကျင်းပနိုင်ရေး အတွက် ဗဟို ကော်မတီနှင့် လုပ်ငန်း ကော်မတီများ၏ ညှိနှိုင်း အစည်းအဝေးကို ယနေ့ဒီဇင်ဘာလ ၁၀ ရက် နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ ဇမ္ဗူသီရိ ခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခု အစည်းအဝေးသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံပြီးနောက် ထုတ်ပြန် ကြေညာသော ပူးတွဲ ကြေညာချက် (၅) ချက် အနက်မှ အစိတ်အပိုင်း တစ်ခုကို အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း၊ ယင်းထုတ်ပြန်ချက်သည် လွှတ်တော် အစည်းအဝေးများ ကျင်းပရေး သာမက နိုင်ငံရေး အနှစ်သာရများစွာ ပါဝင်ပါကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ဖော်ပြ ရေးသားထားသည်။

ထိုညှိနှိုင်း အစည်းအဝေးသို့ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၊ (NLD) ဗဟို အလုပ် အမှုဆောင် များ ဖြစ်ကြသည့် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင် တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပထမ အကြိမ် လွှတ်တော်များ၏ သက်တမ်းသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော်များ ကျင်းပနိုင်ရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ တို့က ခေါ်ယူရမည် ဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် များတွင်လည်း သက်ဆိုင်ရာ ဥက္ကဋ္ဌများက ခေါ်ယူရမည် ဖြစ်ကြောင်း၊ အသစ်ဝင် ရောက်လာမည့် လွှတ်တော် ကိုယ်စားလှယ်များကို ယခု လွှတ်တော် သက်တမ်း မပြီးဆုံးမီ ခေါ်ယူရမည် ဖြစ်ကြောင်း ဖော်ပြ ရေးသားထားသည်။

ထို့ပြင် လွှတ်တော် ကိုယ်စားလှယ်သစ်များ၏ လုံခြုံရေး၊ သွားလာရေး၊ တည်းခိုရေး၊ စားသောက်ရေး ပါမကျန် ပြည့်ပြည့်စုံစုံ စီမံပေးသွားရန် လိုအပ်ကြောင်း၊ လွှတ်တော်၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာ မြင့်မားရေး အတွက် တာဝန်ရှိသူများ အနေဖြင့် မြင့်မြတ်သည့် စိတ်ထားဖြင့် လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.