Connect with us

Politics, Law & Military

နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပုံရိပ် ပြန်လည် ကောင်းမွန်ရေး အဓိက အလေးပေး ဆောင်ရွက်မည်

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မေ ၂၆ ရက် (ဆင်ဟွာ)

နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် နိုင်ငံတကာပုံရိပ် ပြန်လည်ကောင်းမွန်လာရေးကို နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ရက် ၁၀၀ စီမံချက် အတွင်း အဓိကအလေးပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ ဥပဒေနှင့်အညီ အခွင့်အရေးများ အပြည့်အဝ ရရှိစေရေး၊ မြန်မာနိုင်ငံသားဟောင်းများ၏ စွမ်းအား အရင်းအမြစ်များကို နိုင်ငံ တည်ဆောက်ရေးတွင် ပါဝင်လာစေရန် ပြည်ဝင်ဗီဇာ လွယ်ကူစွာရရှိရေး၊ ပြည် နေခွင့် ပိုမိုရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုအတူ ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် ရာဇဝတ်မှုကင်းရှင်းပြီး ယုံကြည်ချက် ကြောင့် သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုကြောင့် အမည်မည်းစာရင်း (Black List)တွင် ထည့်သွင်း ခံထားရသူများကို အမည်မည်းစာရင်းမှ ထုတ်ပယ်နိုင်ရေး၊ ပြည်ပရှိ မြန်မာနိုင်ငံ၏ သံရုံးများသည် မိဘအိမ်အရိပ်သဖွယ် ပြည်ပရောက် မြန်မာနိုင်ငံသားများ အားကိုး အားထားရာအဖြစ် ကြိုးပမ်း ဖော်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်ပတွင်လက်ရှိတာဝန် ထမ်းဆောင် နေသည့် မြန်မာသံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများကို နေပြည်တော်တွင် ဖြစ်စေ ပြည်ပတွင်ဖြစ်စေ မကြာမီ စုပေါင်းခေါ်ယူတွေ့ဆုံပြီး ပြည်ပရောက် မြန်မာနိုင်ငံသား များ၏ တရားဝင်အကျိုးစီးပွားများ ကာကွယ်ပေးရန်၊ အစိုးရသစ်၏ ပြောင်းလဲလာသည့် မူဝါဒများအသိပေး ပြောကြားရန်နှင့် အမြင်ချင်းဖလှယ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျုးလွန်ခြင်းမရှိဘဲ နိုင်ငံရေးယုံကြည်ချက် ကြောင့် အမည်မည်းစာရင်း တင်သွင်းခံရပြီး ပြည်ပြန်ခွင့် ပိတ်ပင်တားမြစ် ခံထားရသည့် ကိစ္စများဖယ်ရှားပေးနိုင်ရန် (၁၀၀) အတွင်း ထိရောက်သည့် ပြုပြင် ပြောင်းလဲမှုကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ဟောင်းများအတွက် လူမှုရေးဗီဇာ (social visa) ဖြင့် ပြည်နေခွင့်(၂၈)ရက် သာခွင့်ပြုထားသည်ကို(၃) လ မှ (၆) လ ထိ တိုးမြင့် နေထိုင်ခွင့် ရရှိစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာဆက်ဆံရေးတွင် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး မူဝါဒကို အကောင်အထည်ဖော်နိုင်ရန် အဓိက အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.