Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်များအား တွေ့ဆုံမှာကြား

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်များအား လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ--နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ဦးဆောင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်များအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံမှာကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့ သတင်းထုတ်ပြန်သည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ချထားပေးသော ခွင့်ပြုဘဏ္ဍာငွေများ အပြည့်အ၀ ချထားပေးခြင်း ရှိ၊ မရှိ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အပြည့်အ၀ ရ၊ မရ၊ ထိရောက်စွာ အသုံးပြုခြင်း ရှိ၊ မရှိ၊ ချမှတ်ပေးသော ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခြင်း ရှိ၊ မရှိ စစ်ဆေးကြပ်မတ်ပေးရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။

ထို့ပြင် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်စေလိုပါကြောင်း၊ ရရှိပြီးဘဏ္ဍာငွေများကို ခေါင်းစဉ်လွှဲပြောင်း သုံးစွဲခြင်းမျိုး မရှိစေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ နိုင်ငံပိုင်၊ ပြည်သူပိုင်၊ သမဝါယမပိုင် ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းမှု ရှိ၊ မရှိ၊ ပိုင်ရှင်မဲ့ပစ္စည်း၊ ဥပဒေအရ သိမ်းဆည်းခံပစ္စည်း၊ စွန့်လွှတ် ပစ္စည်းများကို နိုင်ငံတော်ပိုင် စာရင်းသွင်းထားခြင်း ရှိ၊မရှိနှင့် စနစ်တကျ ထိန်းသိမ်းထားခြင်း ရှိ၊ မရှိ ကိုလည်း ကြပ်မတ်ဆောင် ရွက်ပေးစေလိုပါကြောင်း၊အစိုးရဌာနဆိုင်ရာများတွင် စာရင်းစစ်အဖွဲ့ တွဲဖက်ထားရှိပြီး မှန်မှန်ကန်ကန် စစ်ဆေးပေးစေလိုပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု၊ ယိုဖိတ်မှု၊ အလွဲသုံးမှုများကို စိစစ်တွေ့ရှိပါက ကျောသား ရင်သား မခွဲခြားဘဲ အစီရင်ခံတင်ပြ စေလိုပါကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

တွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထို့အတူ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့်အတူ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌ ဦးဝမ်းတင်၊ ကချင်ပြည်နယ်စာရင်းစစ်ချုပ် ဦးတင်လှိုင်၊ ကယားပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်မောင်း၊ ကရင်ပြည်နယ်စာရင်း စစ်ချုပ် ဦးစောလှထွန်း၊ ချင်းပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်း (ခ) ဦးဒေးဗစ် လာလ်တင်မောင်၊ စစ်ကိုင်းတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးစိုးလွင်၊ တနင်္သာရီတိုင်း ဒေသကြီးစာရင်းစစ်ချုပ် ဦးသိန်းထွန်း၊ ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်သန်းဝင်း၊ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်း၊ မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်အေးဆွေ၊ မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦး၊ ရခိုင်ပြည်နယ် စာရင်းစစ်ချုပ် ဒေါ်ယဉ်လှ၊ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှ၊ ရှမ်းပြည်နယ် စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းနှင့် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်စန်းစန်းခိုင် တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.