Connect with us

Politics, Law & Military

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ် တာဝန်ပေး

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင် နှစ်ဦးအား ကန့်ကွက်သည့် အဆိုအား ယနေ့မတ်လ ၂၈ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သဘောမတူကြောင်း ဆုံးဖြတ်သဖြင့် ခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ် တာဝန်ပေးခဲ့သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ဒေါ်ခင်ဌေးကြွယ် နှင့် ဦးတွာလ်ကျင်ပေါင် တို့အား ခန့်အပ် တာဝန် ပေးရန် လျာထားမှု အပေါ် ကန့်ကွက်ကြောင်း အဆိုကို တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းဦးက တင်သွင်းခဲ့သည်။ ၎င်းက တာဝန်ပေးအပ်ရန် လျာထားတင်ပြမှု၌ လက်ရှိ အနေအထားအရ ကိုယ်ရေး အချက်အလက်များ ပြည့်စုံစွာ ဖော်ပြမထားခြင်း တို့ကြောင့် တိုက်ဆိုင် စစ်ဆေးရာတွင် ခဲယဉ်းနေကြောင်း သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီမှု ရှိ/မရှိကို တိကျစွာ ဖော်ထုတ် တင်ပြနိုင်ခြင်း မရှိ၍ အကျိုးအကြောင်း ဖော်ပြကာ ထောက်ပြရခြင်း ဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ ကိုယ်ရေး အချက်အလက်များကို ပြည့်စုံအောင် ဖြည့်သွင်းကာ ပြည်ထောင်စု လွှတ်တော်သို့ထပ်မံ တင်ပြသင့်ပါကြောင်းနှင့် သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီပါက ထောက်ခံသွားမည် ဖြစ်ကြောင်း တင်သွင်းခဲ့သည်။

ထိုသို့အဆိုတင်သွင်းခဲ့မှု အပေါ် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယခု တင်သွင်း သည့် အဆိုနှင့် ပူးတွဲ ပါရှိသည်မှာ အဆိုနှင့် ပတ်သက်သည့် ရှင်းလင်း ဆွေးနွေးချက်များသာ ဖြစ်ပြီး ၊ ကန့်ကွက်ကြောင်း အဆိုနှင့် အတူ ပူးတွဲ တင်ပြရမည်မှာ ကန့်ကွက်သည့် ပုဂ္ဂိုလ် နှစ်ဦး အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သတ်မှတ် အရည်အချင်းများနှင့် မပြည့်စုံကြောင်း ခိုင်လုံသည့် သက်သေ အထောက်အထားများ ပါရှိရမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင်များနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူထံမှ ပြည်ထောင်စု လွှတ်တော် နာယကထံသို့ယနေ့နေ့စွဲဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၈ နှင့် အညီ ရွေးကောက်တင်မြှောက် ခံရသော နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်းထားသည့် ခုံရုံး အဖွဲ့ဝင် ၉ ဦးကို ပြည်ထောင်စု လွှတ်တော်မှ သဘောတူညီ ပေးပါရန် တင်ပြခဲ့ခြင်းကို လွှတ်တော်သို့တင်ပြခဲ့သည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များအရ အဆိုတင်ပြချက်အား ပယ်၍ ရသော်လည်း ပွင့်လင်းမြင်သာမှု ရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက က ရှင်းလင်း ပြောကြားပြီး ခုံရုံး အဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ် နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရှင်းလင်း ပြောကြားခြင်း ၊ ခုံရုံး အဖွဲ့ဝင် ဦးတွာလ်ကျင်ပေါင် နှင့် ပတ်သက်၍ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ ပြည်ထောင်စု လွှတ်တော် နာယက က ရှင်းလင်း တင်ပြခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင် နှစ်ဦးအား ကန့်ကွက်ကြောင်း အဆို နှင့် စပ်လျဉ်း၍ ဆက်လက် ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံး အဖြတ် ရယူခဲ့ရာတွင် ဆက်လက် ဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့သဖြင့် ခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ် တာဝန်ပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.