Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အစိုးရဝန်ထမ်းများ လစာတိုးမြှင့်ပေးမည်ဟုဆို

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ- နိုင်ငံတော် သမ္မတ ရုံး)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယတွင် ပြောကြားသည့် မိန့်ခွန်းအတွင်း အစိုးရဝန်ထမ်းများ လစာတိုးမြှင့်ပေးမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

အလုပ်သမားတစ်ဦး၏ တစ်နေ့အတွက် အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်နှုန်းဖြင့် လိုက်လျောညီထွေဖြစ်စေရန် အမှုထမ်းလစာများအားလုံးကို (၂၀) ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး အရာထမ်း လစာများကို (၁၀) ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် စီစဉ်တွက်ချက်ပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

ယင်းတွက်ချက်မှုအရ အမှုထမ်းတစ်ဦး၏ အနည်းဆုံးလစာမှာ ၁၂၀၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ် အထိ တိုးမြှင့်သွားမှာဖြစ်ပြီး အရာထမ်းတစ်ဦး၏ အများဆုံးလစာမှာ ၅၀၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်သို့ တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက ဝန်ထမ်းတွေအတွက် ယခုလို စီမံဆောင်ရွက် ပေးမှုကို တုံ့ပြန်သောအားဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဝန်ထမ်းတွေ ကလည်း တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အထူးသတိပြုစေလိုကြောင်း မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။

အစိုးရသစ်လက်ထက်တွင် ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း ဝန်ထမ်းများအတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ဝန်ထမ်းအိမ်ရာ (၄၆၂၇) ခန်း တည်ဆောက်ပေးနိုင်ခဲ့ပြီး ကျန် ၃ နှစ် တာကာလမှာလည်း အခန်း (၇၀၀၀) ကျော်ကို ဝန်ထမ်းအိမ်ရာအဖြစ် တည်ဆောက် ပေးသွားရန် စီမံထားကြောင်း၊ ယင်း အစီစဉ်များကို တိုးခဲျ့ခြင်းဖြင့် လာမည့်နှစ်များအတွင်း အခန်းပေါင်း (၁) သောင်းကျော် တည်ဆောက်ပြီး ဝန်ထမ်းများအတွက် လစဉ်အရစ်ကျ ငွေချေစနစ်နှင့် ရောင်းချပေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောသည်။

လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်မီးတိုးမြှင့်ရရှိရေးအတွက် ယခုလက်ရှိထုတ်လုပ်မှု မဂ္ဂါဝပ် ၃၀၀၀ မှ လာမည့် (၃) နှစ်အတွင်း နောက်ထပ် မဂ္ဂါဝပ် ၃၀၀၀ ထပ်မံတိုးမြှင့်၍ စုစုပေါင်းမဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးတွင် လက်ရှိသုံးစွဲနေတဲ့ (230) KV လိုင်း အပြင် နောက်ထပ် (500) KV လိုင်းကိုလည်း (၃) နှစ်အတွင်း တိုးချဲ့ပြီး ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ၎င်း ဆိုသည်။

အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေထုတ်ချေးရာတွင် မြန်ဆန်လွယ်ကူစေရန် ဒီလုပ်ငန်းများ၏ ယုံကြည်စိတ်ချရမှုကို သတင်းအချက်အလက်စုဆောင်သည့် အဖွဲ့အစည်း (Credit Bureau) ထူထောင်နိုင်ရေးအတွက် ခွင့်ပြုချက်ကို တစ်လအတွင်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ ယိမ်းယိုင်နေသော တရားစီရင်ရေးကို တည့်မတ်ရန် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများနှင့်တွေ့ဆုံပြီး တရားရုံးအသီးသီးအား တရားသူကြီး အဆင့်ဆင့်က တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ကြီးကြပ်ကွပ်ကဲကြရန် ညှိနှိုင်းဆောင်ရွက်ပြီးကြောင်း သမ္မတက ပြောသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မြှင့်တင်ကာကွယ်ပေးနိုင်ဖို့ နိုင်ငံတော်အစိုးရအနေနှင့် CBO များ၊ CSO များ၊ မီဒီယာ၊ ပြည်သူများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် မြှင့်တင်ဖော်ဆောင်မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနိုင်ရန် အဓိကထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်နေသည့်လက်ကြီးသမားများကို ဦးစားပေးနှိမ်နင်းရန်ဖြစ်ကြောင်း သမ္မတက မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။

ပြည်ထောင်စုအစိုးရ ရှေ့ဆက်လက်လျှောက်လှမ်းမယ့် ပြုပြင်ပြောင်းလဲရေးကို အချုပ်အခြာ အာဏာ၏ မူလပိုင်ရှင်ဖြစ်သည့် ပြည်သူလူထုနှင့် နီးစပ်သော အောက်ခြေက စတင်မည်ဖြစ်ပြီး ပြည်သူနှင့် အတူ၊ စုပေါင်းအင်အားဆိုသည့် သဘောတရားနှင့် ပြုပြင်ပြောင်းလဲရေးကို ချဉ်းကပ်ရမှာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ပြုပြင်ပြောင်းလဲမှုနဲ့ အံမဝင်ခွင်မကျတဲ့နေရာတွေမှာ သွက်လက်ထက်မြက်ပြီး အရည်အသွေး ရှိတဲ့ လူစားလဲမှုတွေ လုပ်သင့်ရင်လည်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အနာဂတ်မှာ ပေါ်ထွန်း လာမယ့် ဖက်ဒရယ်ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်အတွက် ကြိုတင်စီမံဆောင်ရွက်တဲ့အနေနဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ တင်ပြချက်တွေကို အခြေခံပြီး ပြောင်းလဲ သင့်တာတွေ ပြောင်းလဲဖို့လည်းရှိပါတယ်” ဟု သမ္မက ပြောသည်။

အထက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လိုက်နာရမည့် အခြေခံမူသည် “တည်ငြိမ်မှု ကိုလည်းမထိခိုက်စေ၊ အပြောင်းအလဲတွေလည်းဖြစ်ပေါ်စေ” သော နည်းလမ်းနှင့် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ အထူးသဖြင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ တာဝန်ယူမှု အဆင့်ဆင့်ရှိရေးဆိုသော စံနှုန်းကိုအခြေခံပြီး ပြုပြင်ပြောင်းလဲမှုများကို ပြည်ထောင်စုအစိုးရ၊ အခြားသောမဏ္ဍိုင်ကြီးများ၊ တတ်သိပညာရှင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ပြည်သူများ၏ စုပေါင်းအင်အားနှင့် ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)