Connect with us

Politics, Law & Military

နိုင်ငံ ပြုပြင် ပြောင်းလဲရေးတွင် လူငယ် ဖွံ့ဖြိုး တိုးတက်ရေးကို အထူး ဦးစားပေး လုပ်ငန်းရပ် အဖြစ် ထည့်သွင်း ရမည်ဟု ဒုတိယ သမ္မတ ပြောကြား

ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေ အဖွင့် အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လူငယ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကို အထူး ဦးစားပေး လုပ်ငန်းရပ် အဖြစ် ထည့်သွင်းထားရမည် ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ဇူလိုင်လ ၁၁ ရက်တွင် ကျင်းပသော ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ အသက် ၁၀ နှစ်မှ ၁၉ နှစ် အတွင်း အမျိုးသမီးငယ် စုစုပေါင်း ၅ သန်းခန့်ရှိနေပြီး အမျိုးသမီး ငယ်များ၏ အခက်အခဲ နှင့် စိန်ခေါ်မှုများကို ကူညီ ဖြေရှင်း ပေးခြင်းသည် နိုင်ငံ အနာဂတ် အတွက် ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

၂၀၁၆ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနားအား နေပြည်တော်၌ ကျင်းပစဉ် (ဆင်ဟွာ)

ဆယ်ကျော်သက် မိန်းကလေးငယ်များ အတွင်း မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ ပညာပေး လုပ်ငန်းနှင့် စောင့်ရှောက်မှု လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရန် လိုနေပြီ ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
ယနေ့ကာလတွင် ခေတ်မီ နည်းပညာများနှင့် အတူ အင်တာနက် ၊ လူမှု ကွန်ယက်များသည် လူတိုင်း လက်လှမ်းမီ အသုံးပြုနိုင်လာသည့် အလျောက် ဆယ်ကျော်သက်ရွယ် လူငယ်များ အတွင်း မြန်မာ့ ယဉ်ကျေးမှု နှင့် မကိုက်ညီသည့် အယူအဆများ ပျံ့နှံ့နေပြီး အသက်အန္တရာယ်များ ကြုံတွေ့ရခြင်း အထိ အန္တရာယ်များ ရှိလာကြောင်း ၊ ၂၀၀၇ ခုနှစ် စာရင်း ဇယားများအရ အသက် ၁၅ နှစ်မှ ၁၉ နှစ် အတွင်း ဆယ်ကျော်သက်များ၏ ကိုယ်ဝန် ၁၁.၃၉ ရာခိုင်နှုန်းသည် ဖျက်ချခြင်းဖြင့် အဆုံးသတ်ခဲ့ပြီး ၉ ရာခိုင်နှုန်းသည် ပညာတတ် တက္ကသိုလ် ကျောင်းသူများတွင် ဖြစ်ပွားနေခြင်းကို တွေ့ရှိရကြောင်း သိရသည်။
ထို့အတူ ဆယ်ကျော်သက်ရွယ် မိန်းကလေးငယ်များ အရွယ်မတိုင်မီ စောစီးစွာ အိမ်ထောင်ပြုခြင်း ၊ ကိုယ်ဝန် ဆောင်ခြင်း ၊ ကလေး မွေးဖွားခြင်း တို့ကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများ ခံစား ရနိုင်ခြင်းကြောင့် ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန် အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
ယခုအခါတွင် ကမ္ဘာ့လူဦးရေမှာ ၇.၄ ဘီလီယံ ရှိသည့် အနက် ၁.၂ ဘီလီယံသည် အသက် ၁၀ နှစ်မှ ၁၉ နှစ် ကြားရှိ ဆယ်ကျော်သက် လူငယ်များ ဖြစ်ကြပြီး ဆယ်ကျော်သက် အမျိုးသမီးငယ်မှာ သန်း ၆၈၀ ခန့် ပါဝင်နေကြောင်း သိရသည်။
ကမ္ဘာ့လူဦးရေနေ့အခမ်းအနားကို မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ် မှစပြီး နှစ်စဉ် ကျင်းပခဲ့ရာ ယခုနှစ်တွင် ၂၇ ကြိမ်မြောက် ရှိခဲ့ပြီး ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်မှာ “ဆယ်ကျော်သက် မိန်းကလေးများ ဘဝ မြှင့်တင်ရေး ရင်းနှီး မြှုပ်နှံ ပံ့ပိုးပေး” ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.