Connect with us

Politics, Law & Military

ပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဓိကထားရည်ရွယ်ကျင်းပမည်ဟု ဒုတိယ သမ္မတဆို

(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- သမ္မတရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ယခုနှစ် ပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဓိကထားရည်ရွယ်ကျင်းပသွားမည်ဖြစ်ကြောင်း (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အောင်မြင်စေရေးအတွက် အားလုံးဝိုင်းဝန်း ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ယဉ်ကျေးမှု ဓလေ့ပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံတို့ဖြင့် ဖွဲ့စည်းတည်ရှိသည့် ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ နောင်လာနောက်သားများ သိရှိစေရန်အတွက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို ထုတ်ဖော်ပြသရင်း ထိန်းသိမ်းစောင့်ရှောက်နေခြင်း ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။

ယခုနှစ် ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားအား ယခင်နှစ်များကဲ့သို့ အပိုင်း(၂)ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နံနက်ပိုင်းတွင် နိုင်ငံတော် အလံတင်အခမ်းအနား နှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား၊ ညနေပိုင်းတွင် ဂုဏ်ပြုညစာစားပွဲအခမ်းအနား တို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ သမ္မတက ဆိုသည်။

၂၀၁၈ ခုနှစ် (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂၂ရက်နေ့ နံနက်( ၉ ) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးဝင်းခိုင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေး၊ နိုင်သက်လွင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ် အောင်စိုး၊ ဦးဝင်းမော်ထွန်း၊ ဦးမောင်မောင်ဝင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.