Connect with us

Politics, Law & Military

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ မှ အနည်းဆုံး အခကြေးငွေ ထုတ်ပြန်ကြေညာ

မြန်မာ နိုင်ငံ အထည်ချုပ်စက်ရုံ တစ်ခုရှိ အလုပ်သမား များ အလုပ်လုပ် နေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ မှ သြဂုတ်လ ၂၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၂ /၂၀၁၅ ဖြင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက် အား တရားဝင် ထုတ်ပြန်ခဲ့သည်။

ယနေ့ထုတ်ပြန်လိုက်သည့် အနည်းဆုံး အခကြေးငွေ ထုတ်ပြန်ကြေညာစာ အကြောင်းအရာ များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရန် ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇ အဖြစ် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၌ပြဋ္ဌာန်းပေးခဲ့ပြီး အနည်းဆုံးအခကြေးငွေနည်းဥပဒေများကိုလည်း ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။ ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေနှင့် နည်းဥပဒေများ နှင့်အညီ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့် ပြည်ထောင်စုနယ်မြေ ကော်မတီ၊ တိုင်းဒေသကြီး ကော်မတီ နှင့်ပြည်နယ်ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းပေးခဲ့ပြီး မြန်မာ နိုင်ငံရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ပေးနိုင်ရေးကို လုပ်ငန်းစဉ် ၅ ရပ် ချမှတ်၍ ဆောင်ရွက်ခဲ့ ပါသည်။

၃။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လက်ရှိအချိန်အထိ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေး(၈)ကြိမ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား အဖွဲ့အစည်းများ ပါဝင်သော သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးပွဲ အကြိမ်(၃၀)နှင့် ပညာရှင်များ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသော ရပ်မိရပ်ဖများပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲကြီး ကိုလည်း ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေသတ်မှတ်ရေး ဆိုင်ရာ သဘောထားများနှင့် အကြံပြုချက်များကို ရယူခဲ့ပါသည်။

၄။ ထိုသို့ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် (၇)ကြိမ်မြောက် အမျိုးသား ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေ ကော်မတီ၊ တိုင်းဒေသကြီးကော်မတီနှင့် ပြည်နယ်ကော်မတီဝင်များ၏ အကြံပြုချက်များနှင့် သဘော ထားမှတ်ချက်များ၊ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သောအမျိုးသားကော်မတီအစည်းအဝေးများ၏ ရလဒ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများမှ ရရှိလာသော ဆွေးနွေးပွဲရလဒ်များ၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ ကော်မတီများအလိုက် ကျင်းပပြုလုပ်ခဲ့ သော အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးမှုများမှရရှိလာသည့် အဆိုပြု နှုန်းထားများ၊ တစ်နိုင်ငံလုံးကိုလွှမ်းခြုံ၍ မြို့နယ်ပေါင်း (၁၀၈) မြို့နယ်ရှိ အိမ်ထောင်စုပေါင်း (၂၂၀၃၂)စု၏ နေထိုင်စားသောက်မှုကုန်ကျစရိတ် စာရင်းစစ်တမ်း ကောက်ယူမှုမှရရှိခဲ့သည့် လူတစ်ဦးချင်း၏ ပျမ်းမျှနေထိုင်စားသောက်မှုကုန်ကျစရိတ်နှုန်းထားများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံး အခြေခံလစာနှင့် နေ့စားအလုပ်သမားများ၏လုပ်ခ စသည်တို့အပေါ်တွင် မှီငြမ်းကိုးကား၍ အဆိုပြု အနည်းဆုံး အခကြေးငွေကို ညှိနှိုင်းသတ်မှတ်ခဲ့ကြပါသည်။

၅။ ထိုသို့ဆွေးနွေးညှိနှိုင်းချက်အရ မြန်မာနိုင်ငံရှိအလုပ်သမားများအတွက် အဆိုပြုအနည်းဆုံး အခကြေးငွေ နှုန်းထားနှင့် ပတ်သက်၍ နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်သည့် အဆိုပြု အနည်းဆုံးအခကြေးငွေမှာ တစ်နာရီလျှင် ကျပ် ၄၅၀/- (ကျပ်လေးရာ ငါးဆယ်တိတိ) နှုန်းဖြင့် အလုပ်ချိန် (၈) နာရီ (တစ်ရက်)အတွက် ကျပ် ၃၆၀၀/- (ကျပ်သုံးထောင် ခြောက်ရာတိတိ) ဖြစ်ကြောင်းနှင့် ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၅ ဦးနှင့် အောက်ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိကြောင်း ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အမိန့်ကြော်ငြာစာအမှတ်၊ ၁/၂၀၁၅ ဖြင့် ထုတ်ပြန်ကြေညာ ပေးခဲ့ပါသည်။

၆။ အဆိုပါ အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းနှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက်ပြုခြင်း၊ ကန့်ကွက်ခြင်းနှင့် ပြင်ဆင်ခြင်းများကို ဆောင်ရွက်လိုသည့် အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်သည် အဆိုပြု အနည်းဆုံး အခကြေးငွေ ထုတ်ပြန်သည့် နေ့ရက်မှစ၍ ရက်သတ္တနှစ်ပတ်အတွင်း သတ်မှတ် ပေးထားသည့် ပုံစံတွင်ဖြည့်စွက်ပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ပြည်ထောင်စု နယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ (သို့မဟုတ်) ပြည်နယ်ကော်မတီထံ ပေးပို့နိုင်ကြောင်း ကိုလည်း ထုတ်ပြန်ကြေညာ ပေးခဲ့ပါသည်။

၇။ အဆိုပါကြေညာချက်အရ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အလုပ်ရှင်နှင့် အလုပ်ရှင် အဖွဲ့အစည်းများ၊ အလုပ်သမားနှင့် အလုပ်သမားအဖွဲ့အစည်းများ၏ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်း၊ အဆိုပြုခြင်းနှင့် ထောက်ခံခြင်း စသည့် သဘောထားမှတ်ချက်များအား ပြည်ထောင်စုနယ်မြေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများက ကွင်းဆင်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါသည်။

၈။ ထိုသို့ဆောင်ရွက်ခဲ့ပြီးနောက် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မတီဥက္ကဌများ အပါအဝင် ညှိနှိုင်းအစည်းအဝေးထပ်မံကျင်းပ၍ အတည်ပြုအနည်းဆုံး အခကြေး ငွေသတ်မှတ်နိုင်ရေးကို ညှိနှိုင်းဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၄၅၀/- (ကျပ်လေးရာ ငါးဆယ်တိတိ) နှုန်းဖြင့် အလုပ်ချိန် (၈) နာရီ (တစ်ရက်) အတွက် ကျပ် ၃၆၀၀/- (ကျပ် သုံးထောင် ခြောက်ရာတိတိ) သတ်မှတ်သင့်ကြောင်းနှင့် ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၅ ဦးနှင့် အောက်ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင် တစ်နိုင်လုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိကြောင်းကို ကန့်ကွက်သူ မရှိဘဲ သဘောတူအတည်ပြုခဲ့ကြ ပါသည်။

၉။ သို့ဖြစ်ပါ၍ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ) နှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်အရ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်သည့် အနည်းဆုံးအခကြေးငွေမှာ တစ်နာရီလျှင် ကျပ် ၄၅၀/- (ကျပ်လေးရာ ငါးဆယ်တိတိ) နှုန်းဖြင့် အလုပ်ချိန် (၈)နာရီ (တစ်ရက်) အတွက် ကျပ် ၃၆၀၀/- (ကျပ် သုံးထောင် ခြောက်ရာတိတိ) ဖြစ်ကြောင်းနှင့် ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၅ ဦးနှင့် အောက်ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.