Connect with us

Politics, Law & Military

ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း အဖြစ် ကဏ္ဍအသီးသီးမှ သဘောတူညီချက် ၃၃ ချက်အား ထည့်သွင်း ချုပ်ဆိုသွားမည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ၅ ရက်မြောက်နေ့ အပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂၈ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် ကဏ္ဍအသီးသီးမှ ရရှိလာသည့် သဘောတူညီချက် ၃၃ ချက်အား ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း အဖြစ် မေ ၂၉ ရက်တွင် ထည့်သွင်း ချုပ်ဆိုသွားမည် ဖြစ်ကြောင်း ယနေ့မေ ၂၈ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)မှ တင်ပြပြီး အစုအဖွဲ့အလိုက် ၊ ကဏ္ဍ အလိုက် ဆွေးနွေးမှုများ ပြီးနောက် UPDJC အစည်းအဝေးတွင် နိုင်ငံရေး ကဏ္ဍတွင် ၁၂ ချက် ၊ စီးပွားရေး ကဏ္ဍတွင် ၁၁ ချက် ၊ လူမှုရေး ကဏ္ဍ တွင် ၄ ချက် ၊ မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် ကဏ္ဍတွင် ၆ ချက် စုစုပေါင်း ၃၃ ချက် သဘော တူညီချက် ရရှိခဲ့ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်များက သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

“ပထမဆုံး အောင်မြင်မှုကတော့ နိုင်ငံရေး ကဏ္ဍ အပါအဝင် အချက်ပေါင်း ၃၃ ချက်က ကြီးမားတဲ့ အောင်မြင်မှုလို့ပြောလို့ရပါတယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ် စနစ်ကို ထူထောင်ဖို့ပြည်ထောင်စု သဘောတူညီချက်ရဲ ့ပထမ ခြေလှမ်း အဖြစ်နဲ့အချက် ၃၃ ချက် သဘောတူညီမှု ရခဲ့ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေက “ဒီနေ့ညှိနှိုင်းမှုတွေမှာ UPDJC က အဆိုပြုခဲ့တဲ့ အချက်ပေါင်း ၄၁ ကို အကျေအလည် တစ်နေ့လုံး ညှိနှိုင်းခဲ့ပြီးတော့ အများစုက သဘောတူတဲ့ အချက်တွေ ထွက်ပေါ်လာပါတယ်။”ဟု ပြောသည်။

ထိုသဘောတူညီချက် ၃၃ ချက်အား တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) စာချုပ်တွင် ဖော်ပြထားသည့် အတိုင်း ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း အဖြစ် လက်မှတ် ရေးထိုးသွားမည် ဖြစ်ကြောင်း ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်က ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ၆ ရက်မြောက်နေ့တွင် သဘောတူညီချက်များအား NCA ပြဌာန်းချက် အတိုင်း ပြည်ထောင်စု သဘောတူညီချက်၏ အစိတ်အပိုင်း အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍ အလိုက် အစုအဖွဲ့ကိုယ်စားလှယ်များက သဘောတူညီချက် တစ်ခုအား လက်မှတ်ရေးထိုး ချုပ်ဆိုမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးအား မေ ၂၄ ရက်မှ စတင်၍ ၅ ရက်ကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့သဘောတူညီချက် ၃၃ ချက် ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ (Xinhua)