Connect with us

Politics, Law & Military

ပြည်ပမှ တင်သွင်းရောင်းချနေသော ကုန်စည်များအပေါ် မမှန်မကန်တင်သွင်းမှုများ ဖော်ထုတ်တွေ့ရှိပါက အရေးယူဆောင်ရွက်ရှိ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းသာမက တစ်နိုင်ငံလုံးအတွက် ပြည်ပမှ တင်သွင်းရောင်းချနေသော ကုန်စည်များအပေါ် မမှန်မကန်တင်သွင်းမှုများ ဖော်ထုတ်တွေ့ရှိပါက ပို့ကုန်သွင်းကုန်ဥပဒေ၊ အကောက်ခွန်ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ အင်းစိန်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ တင်သွင်းပြီး အရောင်းအဝယ် ပြုလုပ်နေသော ကုန်ပစ္စည်းများ၏ အရည်အသွေး စံချိန်စံညွှန်းပြည့်မီခြင်း ရှိ၊မရှိကို မည်သည့် အဖွဲ့အစည်းများက ကြီးကြပ်စီမံ ဆောင်ရွက်နေပါသနည်းနှင့် မမှန်မကန် တင်သွင်းရောင်းချနေသူများအား မည်ကဲ့သို့ အရေးယူဆောင်ရွက်ပါမည်နည်းကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်းသာမက တစ်နိုင်ငံလုံးအတွက် ပြည်ပမှ တင်သွင်းရောင်းချနေသော ကုန်စည်များအပေါ် ဦးစားပေးအုပ်စုအလိုက် သတ်မှတ်အရည်အသွေး ကြီးကြပ်စစ်ဆေးခြင်းအတွက် FDA၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန အစရှိတဲ့ တာဝန်ခံဌာနများမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မမှန်မကန်တင်သွင်းမှုများ ဖော်ထုတ်တွေ့ရှိပါကလည်း ပို့ကုန်သွင်းကုန်ဥပဒေ၊ အကောက်ခွန်ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေးစစ်ဆေးရေးအဖဲ့ွများကိုလည်း လိုအပ်သည့် ကဏ္ဍများတွင် ဖွဲ့စည်းတာဝန် ပေးအပ်ထားပါတယ်။”ဟုဝန်ကြီးဦးမြင့်သောင်းက ပြောသည်။

စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ ကုန်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခွင့်ပြုရာတွင် အရည်အသွေးစံချိန်စံညွှန်း သတ်မှတ်ထားသည့် ကုန်စည်များအတွက် သွင်းကုန်လိုင်စင် ခွင့်ပြုရာတွင် ကုန်ပစ္စည်းတင်သွင်းခြင်းမပြုမီ သက်ဆိုင်ရာဌာနအလိုက် Import Recommendation ဥပမာ- စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ ကျန်းမာရေးသုံး ပစ္စည်းများအတွက် FDA ၊ လယ်ယာထွက်ကုန်၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ပစ္စည်းများအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ရေထွက်ကုန်ပစ္စည်းများနှင့် အစားအစာများအတွက် ငါးလုပ်ငန်းဦးစီးဌာန၊ အေးခဲအသား၊ မွေးမြူရေးအစားအစာများ၊ ဆေးဝါးများအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဓာတုပစ္စည်းများအတွက် စက်မှုဝန်ကြီးဌာနနှင့်ပြည်ထဲရေးဝန်ကြီးဌာန၊ ဓါတ်ဆီ၊ ဒီဇယ်၊အော်တိန်း၊ အင်ဂျင်ဝိုင် အစရှိသည့် ပစ္စည်းများအတွက် ရေနံထွက် ပစ္စည်းဖြန့်ဖြူးရောင်းချရေး လုပ်ငန်းတို့မှ တင်သွင်းခွင့် ထောက်ခံချက် ပါရှိမှသာ သွင်းကုန်လိုင်စင် ခွင့်ပြုပေးလျက်ရှိပြီး အဆိုပါ ပစ္စည်းများဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် သက်ဆိုင်ရာဌာနများသိ့ု အကောက်ခွန်ဦးစီးဌာနမှတစ်ဆင့် ကိုယ်စားပြု နမူနာပေးပို့၍ ဓါတ်ခွဲစစ်ဆေးပြီး ဥပမာ- အစားအသောက်များ တင်သွင်းရာတွင် Import Health Certificate ကဲ့သု့ိ ခွင့်ပြုချက်များရ ရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးခွင့်ပြုသည့် နည်းစနစ်များဖြင့် အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ စားသုံးသူများအတွက် အရေးကြီးကုန်စည်ဖြစ်သည့် စားသုံးဆီများ ပြည်ပမှ တင်သွင်းရာတွင် စားသုံးဆီ တင်သွင်းမှုကြီးကြပ်ရေး ကော်မတီကို သီးသန့်ဖွဲ့စည်းပြီး တင်သွင်းလာသည့် စားသုံးဆီများဆိပ်ကမ်းတွင် ရောက်ရှိပါက ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုယ်စားပြု နမူနာ ရယူပြီး Myanmar Imspection & Testing Services.,Ltd (MITS) ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးခြင်း၊ ဆိပ်ကမ်းရှိ သိုလှောင်ကန်များသို့ ထည့်သွင်းပြီးချိန်တွင်လည်း ကိုယ်စားပြု နမူနာ ထပ်မံရယူ၍ Food & Drugs Administration (FDA)/ Department of Research and Innovation (DRI)/ Commodity Testing and Quality Management Centre (CTQM) ဓါတ်ခွဲခန်းများသို့ ပေးပို့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးစေခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီစေရေးတ့ိုကို စနစ်တကျကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။  (Xinhua)