Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့ကြော်ငြာများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တွင် ရန်ကုန်မြို့တော်ပြယုဂ်ကို ထိခိုက်စေသော ခွင့်ပြုချက်မရှိသည့် စည်းကမ်းမဲ့ကြော်ငြာများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ အလုံမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်း၏ ရန်ကုန်မြို့တော်ပြယုဂ်ကို ထိခိုက်စေသော ကြော်ငြာလက်ကမ်းစာစောင်များ ဝေငှခြင်း၊ နံရံကပ်ခြင်း၊ ဓါတ်တိုင်များတွင် ကပ်ခြင်းတို့ ဆောင်ရွက်နေမှုအပေါ်တွင် မည်ကဲ့သို့ စည်းကမ်းထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ ကြော်ငြာများတပ်ဆင်ခြင်း၊ ကပ်ခြင်း၊ ချိတ်ဆွဲခြင်းနှင့် ရေးဆွဲခြင်းများအား အရေးယူဆောင်ရွက်လျက်ရှိသော်လည်း တစ်နေ့တစ်ခြား ပိုမိုများပြားလာသည့် စည်းကမ်းမဲ့ ကြော်ငြာများကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။

စည်ပင်သာယာရေးနယ်နမိတ်အတွင်း စည်းကမ်းမဲ့ ကြော်ငြာခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ နံရံများ၊ ဓါတ်တိုင်များတွင် စည်းကမ်းမဲ့ကပ်ခြင်းများအား ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများ၏ ကြီးကြပ်မှုဖြင့် မြို့နယ်များအလိုက် လိုက်လံဖြုတ်သိမ်းရှင်လင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့မြို့နယ်များတွင် ကြော်ငြာများ ချက်ချင်းချိတ်၊ ချက်ချင်းဖြုတ်သိမ်းခြင်းများ ဆောင်ရွက်သော်လည်း နံနက်ဖြုတ်၊ ညပြန်လည်တပ်ဆင်ခြင်း၊ ကပ်ခြင်း၊ ချိတ်ဆွဲခြင်းများ ပြုလုပ်လျက်ရှိသဖြင့် ကြော်ငြာအချို့တွင် ဖော်ပြထားသော လိပ်စာများ၊ တယ်လီဖုန်းနံပါတ်များအား ဆက်သွယ်ခေါ်ယူ၍ တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်နေပြည်သူများသို့ အသိပေးပန်ကြားချက်အား နိုင်ငံတော်ပိုင် မြန်မာ့အလင်းသတင်းစာ၌ ၈-၁၂-၂၀၁၇ နှင့် ၉-၁၂-၂၀၁၇ ရက်နေ့တွင် လည်းကောင်း၊ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာ၌ ၁၀-၁၂-၂၀၁၇ နှင့် ၁၁-၁၂-၂၀၁၇ ရက်နေ့တွင် လည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကောမတီမှ ထုတ်ဝေသည့် မြို့တော်သတင်းစာ၌ ၈-၁၂-၂၀၁၇ နှင့် ၉-၁၂-၂၀၁၇ ရက်နေ့တွင် လည်းကောင်း၊ (၁)စောင်လျှင် (၂)ရက်စီ ထည့်သွင်းကြော်ငြာခဲ့ပြီးဖြစ်ကြောင်းနှင့် City FM တွင် အခါအားလျော်စွာ ကြေညာချက် ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။ 

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး၏ (၁၂)ရက်မြောက်နေ့ကို မနက်ဖြန်၊ နံနက်(၁၀)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.