Connect with us

Politics, Law & Military

ပွဲလမ်းသဘင် အကြောင်းပြပြီး ငွေကြေး မသမာမှု ရှိခဲ့လျှင် စုံစမ်း စစ်ဆေး အရေးယူမည်

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုး ဒုတိယ အကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဌာနဆိုင်ရာမှ စီစဉ်သည့် ပွဲလမ်း သဘင်များ အကြောင်း ပြပြီး မသမာသည့် ငွေပေးငွေယူမှု၊ လာဘ်ပေး လာဘ်ယူမှုများ ရှိပါက စုံစမ်း ဖော်ထုတ် အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်တွေမှာ ပွဲလမ်း သဘင်တွေကို အကြောင်းပြပြီး မသမာတဲ့ ငွေပေးငွေယူမှုတွေ လာဘ်ပေး လာဘ်ယူမှုတွေ ပေါ်ပေါက်လာတယ်ဆိုရင် ပေါ်ပေါက်မှု အပေါ်မှာ ကျွန်တော်တို့ဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရတွေနဲ့ပေါင်းစပ် ညှိနှိုင်းပြီး လိုအပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေနဲ့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို ဆက်လက် ပြုလုပ်သွားပါမယ်” ဟု ၎င်းက ပြောခဲ့သည်။

ရွှေဘို မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေဇင်လတ်၏ “ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနများ အနေဖြင့် ၁၂ လ ရာသီ ရိုးရာ ပွဲတော်များ၊ နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနား ပွဲများနှင့် ဒေသတွင်း အားကစား ပြိုင်ပွဲတို့အတွက် ဒေသရှိ ဌာနဆိုင်ရာများတွင် ခွဲတမ်းချ လုပ်ကိုင်ခြင်း၊ ဒေသရှိ စီးပွားရေး လုပ်ငန်းရှင်များထံမှ အလှူငွေ ကောက်ခံပြီး ကျင်းပ ပြုလုပ်နေခြင်းများကို ရပ်ဆိုင်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများက သီးသန့်ရန်ပုံငွေ တစ်ရပ် ထူထောင်ပြီး ကျင်းပ ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ” ဟူသည့် မေးခွန်းကို ပြည်ထဲရေး ဝန်ကြီးဌာန ကိုယ်စား ဖြေကြားရာတွင် ပြောခဲ့ခြင်းဖြစ်သည်။

ရွှေဘို မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေဇင်လတ် ဒုတိယ အကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးခွန်းမေးမြန်းစဉ် (ဆင်ဟွာ)

ဒေါက်တာ အေဇင်လတ်က အကျင့်ပျက် ခြစားမှုများကို ပပျောက်ရေး အတွက် အထောက်အကူပြုစေလိုသဖြင့် အဆိုပါ မေးခွန်းကို မေးရခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ပြီး “ဒီလို ပွဲတွေအတွက် ဒေသတွင်းမှာရှိတဲ့ ဝန်ထမ်းတွေ ဆီက အလှူငွေ ကောက်ခံတာပဲ ဖြစ်စေ ဒေသတွင်းက လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေက အလှူငွေတွေ ထည့်ဝင်တာပဲဖြစ်စေ အဲဒီငွေတွေနဲ့ဆောင်ရွက်နေကြတာ အတော် ကြာခဲ့ပါပြီ။ ဒီလို ဆောင်ရွက်တဲ့အခါ ဝန်ထမ်းတွေ အတွက် ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်စေသလို အဂတိတရား မကင်းတဲ့ အခြေအနေကိုလည်း ဖန်တီး ပေးထားသလို ဖြစ်နေပါတယ်” ဟု လွှတ်တော်သို့ပြောခဲ့သည်။

အဆိုပါ အလှူငွေများကို အကြောင်းပြုဝပြီး စီးပွားရေး လုပ်ငန်းရှင်များက ဝန်ထမ်းများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် အပေါ် ပါဝင် စွက်ဖက်မှုများလည်း ရှိလာနိုင်သည်ဟု သူမက ထောက်ပြ မေးမြန်းခဲ့ခြင်းကို ပြည်ထဲရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့တို့က ဖြစ်စေ ယင်းတို့၏ တာဝန်ပေးချက်အရ အစိုးရဌာန၊ အဖွဲ့အစည်းများက ဖြစ်စေ ဦးစီး ကျင်းပသည့် အခမ်းအနားများ၊ ပွဲလမ်း သဘင်များ၊ သရုပ်ဖော် ပြပွဲများ၊ ပြိုင်ပွဲများနှင့် အခြား ဖျော်ဖြေပွဲများကို ကျင်းပခြင်း ဖြစ်ပါက နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့တို့က သတ်မှတ်ထားသည့် စည်းကမ်းများနှင့် ညီညွတ်စေရန် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများက ကြပ်မတ် ထိန်းသိမ်းရေး အတွက် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်သည်ဟုလည်း ဝန်ကြီးက ရှင်းပြသည်။

“ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွေကို အဆိုပါ ပွဲလမ်း သဘင်များ ကျင်းပနိုင်ရေးအတွက် ဒေသရှိ ဌာနဆိုင်ရာ များကို ခွဲတမ်းချ အလှူခံခြင်း၊ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များကို အလှူငွေ ကောက်ခံခြင်းတို့အား လုပ်ဆောင်ခွင့် ပြုမထားကြောင်းနဲ့ အဆိုပါ လုပ်ငန်းများ အောင်မြင် ချောမွေ့ရေးမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့က စီမံ ဆောင်ရွက်ရမည့် ကိစ္စများသာ ဖြစ်ပါတယ်” ဟုလည်း ဗိုလ်ချုပ် အောင်စိုးက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.