Connect with us

Politics, Law & Military

မဲစာရင်း ကွဲလွဲမှုအတွက် ပြည်ထောင်စု လွှတ်တော် နာယက ရွေးကောက်ပွဲ ကော်မရှင်ထံ သဝဏ်လွှာ ပေးပို့မည်

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဇေယျာသီရိမြို့နယ်တွင်းရှိ အခြေခံ မဲဆန္ဒနယ် စာရင်းများအား လေ့လာကြည့်ရှုနေစဉ် (ဓာတ်ပုံ- H.E. Thura U Shwe Mann Facebook)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် မဲစာရင်း ကွဲလွဲ မှုများအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌထံ သဝဏ်လွှာ ပေးပို့မည် ဖြစ်ကြောင်း သူရဦးရွှေမန်း၏ တရားဝင် ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

၂၀၁၅ ရွေးကောက်ပွဲကို တရား မျှတစွာနှင့် ပွင့်လင်း မြင်သာစွာ ကျင်းပသွားနိုင်ရေးသည် လွန်စွာ အရေးကြီးသည့် အတွက် မဲစာရင်း ကွဲလွဲမှုနှင့် ပတ်သက်ပြီး တွေ့ရှိချက်များအား အချိန်မီ ပြင်ဆင် ဆောင်ရွက် ပေးသွားနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌထံသို့ ပြည်ထောင်စု လွှတ်တော် နာယကမှ သဝဏ်လွှာ ပေးပို့ သွားမည် ဖြစ်သည်။

မဲစာရင်းကွဲလွဲမှုများ ရှိသည့်သတင်းများကြောင့် ဇူလိုင်လ ၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇေယျာသီရိမြို့နယ်တွင်းသို့ သွားရောက်ကာ အခြေခံ မဲဆန္ဒနယ် စာရင်းများအား လေ့လာ ကြည့်ရှုခဲ့ရာ ကွဲလွဲမှုများ အမှန်တကယ် ရှိနေကြောင်း တွေ့ရှိခဲ့သည်။

မဲစာရင်းကောက်ခံဆဲကာလမှာပင် ဝန်ထမ်းများ ဒေသပြောင်းရွှေ့သွားခြင်း၊ အသစ်ရောက်ရှိလာခြင်း။ မှတ်ပုံတင်မရှိခြင်း၊ မှတ်ပုံတင်မရှိရသည့် အကြောင်းအရင်းမေးမြန်းရာ အိမ်ထောင်စုဇယား (ပုံစံ ၆၆) မရှိခြင်း ကြောင့်ဖြစ်ခြင်း၊ သေဆုံး သွားသူများအား အိမ်ထောင်စု ဇယား (ပုံစံ ၆၆) ထဲမှ နုတ်ပယ်ထားခြင်း မပြုရ သေးခြင်းနှင့် လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ – ၇) မရှိခြင်း စသည့်အချက်များကြောင့် မဲစာရင်း ကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။ (Xinhua)