Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တိုးတက်ခြင်းပေါ်အခြေခံ၍ အချို့သော ကဏ္ဍများ အတွက် အရေးယူပိတ်ဆို့မှု ဆက်ထားရခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောကြား

နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး နှစ်ဦးအား သတင်းစာရှင်းလင်းပွဲတွင် ယနေ့မြင်တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ၂၂ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံသည့်အနေဖြင့် အရေးယူ ပိတ်ဆို့မှုအချို့ကို လျှော့ချပေးခဲ့ပြီး မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသော ဒီမိုကရေစီ အသွင် ကူးပြောင်းမှု တိုးတက်ခြင်းအပေါ် အခြေခံ၍ အချို့သော ကဏ္ဍများ အတွက် အရေးယူပိတ်ဆို့မှု ဆက်ထားရခြင်းမှာ အချို့သော သူများ၏ လုပ်ကိုင်မှု ပြောင်းလဲရန် လိုအပ်နေပြီး တိုးတက်မှုများ ဆက်ရှိရန် လိုနေခြင်းကြောင့် ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဂျွန်ကယ်ရီက ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာ- အမေရိကန် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ဂျွန်ကယ်ရီက “မြန်မာနိုင်ငံဟာ အရေးကြီးတယ်လို့ သမ္မတအိုဘားမား ဦးဆောင်တဲ့ အစိုးရက သဘောပိုက်ပြီး အာရှရဲ့ဦးစားပေးအဖြစ် သတ်မှတ်ခဲ့တာကြောင့် နှစ်နိုင်ငံကြားက ဆက်ဆံရေးရဲ့ရလဒ်တွေ ကောင်းမွန်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကူညီချင်ပါတယ်။ အင်စတီကျူးရှင်းအားလုံးကို အားပေးတဲ့အနေနဲ့ တစ်ချို့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်ထားပြီး အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ထောက်ပံ့နိုင်ရေး အရပ်ဖက်လူ့အဖွဲ့အစည်းတွေကိုလည်း အားပေးတိုက်တွန်းမှုတွေ လုပ်နေပါတယ်။’’ ဆက်လက်ပြောကြားခဲ့သည်။

နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး နှစ်ဦးအား သတင်းစာရှင်းလင်းပွဲတွင် ယနေ့မြင်တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဆင်ဟွာ)

၂ဝ၁၂ခုနှစ်ကပင် အမေရိကန်အစိုးရသည် အရပ်ဖက်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့အတွက် ဒေါ်လာ ၁၂သန်းကျော် ကူညီထောက်ပံ့ခဲ့ကြောင်း၊ မြန်မာနိုင်ငံအား ကူညီထောက်ပံ့မည် ဆိုသည့် သတင်းစကား နှင့် လာခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ပေါင်း ၅ဝကျော်ကြာ စစ်အုပ်ချုပ်ရေးအား အလွယ်တကူ ချေဖျက်ရန် မလွယ်ကူသည့်အချက်အား နားလည်ကြောင်း ၊ ယနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့သည့်အခါ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် တပ်မတော်ရဲ့အခန်းကဏ္ဍကို ဆွေးနွေးဖို့ရှိကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရှိနေခြင်းကို မကြောက်ပါဘူး။ အရင်က အရေးယူ ပိတ်ဆို့မှု လုပ်ရမည့် အခြေအနေ ရှိတဲ့ အတွက် အရေးယူ ပိတ်ဆို့မှုတွေ ရှိရမယ်ဆိုတာကို သိပါတယ် ။ ဒါပေမယ့် အနာဂတ် တစ်ချိန်ချိန်မှာတော့ အရေးယူ ပိတ်ဆို့မှုများ လုံး၀ မရှိတော့ဘဲ ရုပ်သိမ်းပေးမယ့် အခြေအနေ ရောက်မည်လို့ ယုံကြည်ပါတယ်” ဟုပြောကြားခဲ့သည်။
ထို့ပြင်၎င်းက ဘင်္ဂါလီ ရိုဟင်ဂျာ အရေး ကိစ္စတွင်လည်း တစ်ဖက်မှ လက်မခံနိုင်သော အသုံးအနှုန်းကို မသုံးရန် ပြောကြားခြင်း ဖြစ်ပြီး အဆိုပါ ကိစ္စထက် အရေးကြီးသည်များ ရှိနေချိန်၌ ထိုအသုံးအနှုန်းကြောင့် စိတ်ခံစားမှုများ ပါဝင်နေသည့် အတွက် ဂရုစိုက်ရန် ပြောကြားခြင်း သာဖြစ်ကြောင်း ၎င်းထက်ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စများစွာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။
ဂျွန်ကယ်ရီက မြန်မာအစိုးရသစ်ဟာ လူမှုရေး၊စီးပွားရေးဆိုင်ရာ မြောက်မြားလှစွာသော စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရကြောင်း၊၎င်းတို့အနေဖြင့် ဒီခရီးလမ်းတစ်လျှောက် ရှေ့မှာဖြစ်လာမည့် စီးပွားရေးအကျိုးအမြတ် များနှင့် ဒီမိုကရေစီတည်တံ့ခိုင်မာရေးအတွက် မျှော်လင့်ချက်တွေ ရှိနေကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
မြန်မာ နှင့် အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ၂၀၁၂ ခုလောက်က စ၍ တိုးတက်ကောင်းမွန်လာခဲ့သည်။ ၂၀၁၁ နိုဝင်ဘာလ တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လာရောက်၍ မြန်မာသမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၂ ခုနှစ်မေ တွင် ဒန်းနစ်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် အမေရိကန်သမ္မတအိုဘားမားက အမည်စာရင်းတင်သွင်းခဲ့ပြီး ၊ ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ဒန်းနစ်မယ်ချယ်သည် သံအမတ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်ဇူလိုင်လမှာပင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို အကန့်အသတ်နှင့် လျှော့ချမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။ အမေရိကန်သမ္မတအိုဘားမားသည် သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားမှု နှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ တွင် ပထမအကြိမ်၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အားတွေ့ဆုံခဲ့သည်။ အပြန်အလှန်အားဖြင့် ၂၀၁၃ ခုနှစ် မေလ တွင် သမ္မတဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စုခရီး၌ သမ္မတအိုဘားမား နှင့် ဝါရှင်တန်မြို့ အိမ်ဖြူတော်၌ တွေ့ဆုံခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.