Connect with us

Politics, Law & Military

မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကုလက ထောက်ခံကြောင်း ပြသဖို့လာသည်ဟု မစ္စတာဘန်ကီမွန်း ဆို

နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်းတို့ သတင်းစာရှင်းပွဲပြုလုပ်စဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကုလသမဂ္ဂက ထောက်ခံလျက်ရှိကြောင်း ပြသသည့် အနေဖြင့် လာရောက်ခဲ့ ခြင်းဖြစ်သည်ဟု နိုင်ငံတော် ၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ ၂၁ ရာစု ပင်လုံ ညီလာခံသို့တက်ရောက်ရန် ရောက်ရှိလာသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန တွင် ယနေ့ ညနေပိုင်း ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“၂၁ ရာစု ပင်လုံညီလာခံကို ဖိတ်ကြားခံရတဲ့အတွက် ဝမ်းသာပါတယ်။ ကုလသမဂ္ဂ အနေနဲ့မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ကို ထောက်ခံလျက် ရှိကြောင်း ပြသရန်အတွက် လာရောက်တာ ဖြစ်ပါတယ်။ အရင် အစိုးရက ဆောင်ရွက်ခဲ့တဲ့ ဒီလုပ်ငန်းစဉ်ကို အခု အစိုးရသစ်က ဆက်လက် ဆောင်ရွက်နေတာ တွေ့ရလို့အားပေးဖို့လာခဲ့တာပါ။ မြန်မာနိုင်ငံ အစိုးရ သစ် ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ လူ့ဘောင် တည်ဆောက်ရေး အပါအဝင် ကိစ္စရပ်တွေကို ကုလသမဂ္ဂက ဆက်လက် ထောက်ခံ ပံ့ပိုး သွားပါမယ်” ဟု မစ္စတာ ဘန်ကီမွန်းက မီဒီယာသို့ပြောခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်းတို့အားတွေ့ဆုံဆွေးနွေးမှုအပြီးတွေ့ရစဉ် (ဆင်ဟွာ)

၎င်းက မြန်မာအစိုးရနိုင်ငံခြားရေးဝန်ကြီး ဌာနပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားရေး ဝန်ကြီးရုံး၌ ယနေ့ညနေ ၆ း ၁၅ နာရီမှ ၆ း ၅၀ နာရီအထိ တွေ့ဆုံအပြီး နှစ်ဦး ပူးတွဲလျက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောခဲ့ခြင်းဖြစ် သည်။ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်ပြီး မီဒီယာများမှ မေးသည်ကို၎င်းက “မြန်မာနိုင်ငံကို လာတဲ့အခါ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေလည်း ပါလာပါတယ်၊ ဒီကိစ္စဟာ အရေးကြီးတဲ့ နယ်စပ် ပြဿနာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ကိစ္စမှာ ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်း ကိုဖီအာနန်နဲ့လက်တွဲပြီး အလုပ်လုပ် သွားမယ်ဆိုတာတွေ့ရလို့ကျွန်တော် အားတက်မိပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံတွင် ရလဒ်ကောင်းများ ရရှိနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရဘက်က တိုင်းရင်းသားများအပေါ် မည်မျှအထိ လိုက်လျောဖို့ပြင်ဆင်ထားပါသလဲဟု မီဒီယာက မေးသည့် အခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်က “ကျွန်မကတော့ တတ်နိုင်သလောက် ၊ တတ်နိုင်သမျှ အားလုံး လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တက်တယ် မတက်တယ် ဆိုတာက ကာယကံရှင်တွေကိုယ်တိုင်က ဆုံးဖြတ်ရမှာပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။
မစ္စတာ ဘန်ကီမွန်းသည် သြဂုတ် ၃၁ ရက်တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ တက်ရောက်ပြီး အမှာစကား ပြောကြားမည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.