Connect with us

Politics, Law & Military

မြန်မာ-ဂျာမနီနှစ်နိုင်ငံ စစ်ရေးနှင့်မသက်ဆိုင်သော ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာဂျာမနီနိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

မြန်မာ-ဂျာမနီနှစ်နိုင်ငံ စစ်ရေးနှင့်မသက်ဆိုင်သော ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာဂျာမနီနိုင်ငံ သံအမတ်ကြီးတို့ ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ဇွန် ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာဂျာမနီနိုင်ငံ သံအမတ်ကြီး H.E.Mr. Christian-Ludwig Weber-Lortschတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုများတွင်ဂျာမနီနိုင်ငံမှ ကူညီဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။

မြန်မာ-ဂျာမနီ နှစ်နိုင်ငံသည် ဆက်ဆံရေးရှည်လျားခဲ့သည့် သမိုင်းကြောင်းရှိပြီးလက်ရှိအချိန်တွင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့် လုပ်ဆောင် နိုင်ရေးအတွက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ပါတီစုံ ဒီမိုကရေစီ လျှောက်လှမ်းနေမှုတွင် တပ်မတော်၏အခန်းကဏ္ဍမှာ အရေးကြီးသည်ကို သိရှိပါကြောင်း၊ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကိုလည်း ဂျာမနီနိုင်ငံမှ တတ်နိုင်သမျှလျော့နည်းအောင် ကူညီဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီးက ပြောသည်။

တပ်မတော်သည်နိုင်ငံတော်ကို ကာကွယ်ရန် အဓိကဖြစ်သော်လည်း နိုင်ငံတော်၏ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်း နေမှုခိုင်ခိုင်မာမာဖြစ်စေရန်နှင့် အဖက်ဖက်မှကောင်းမွန်တိုးတက်အောင် ပါဝင်ဆောင်ရွက်နေပြီး တပ်မတော် အနေဖြင့်အမျိုးသားနိုင်ငံရေးကို ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်း ရာတွင်တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူညီနိုင်သော်လည်း တပ်မတော်အနေဖြင့်အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက် နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်းသူများသည် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းနှင့် လျှို့ဝှက်စစ်ရေးလေ့ကျင့်မှုများဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်ပြဿနာနှင့် ပတ်သက်၍ တစ်ချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းရေးရယူလို သော်လည်း လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်လိုခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး နိုင်ငံတွင် တပ်မတော်တစ်ရပ်တည်းသာရှိရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.