Connect with us

Politics, Law & Military

ရန်ကုန်မြစ်ဝတွင် ဆိပ်ခံတံတား ဆောက်ခြင်းကို ရပ်ဆိုင်းရန် အဆို လွှတ်တော်က လက်ခံ

ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီမှ ဆိပ်ခံတံတား အသစ်တည်ဆောက်မည် မြေနေရာအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် ဗိုလ်တစ်ထောင်ဘုရား နှင့် ဗိုလ်အောင်ကျော် တံတား အကြားတွင် ရှိသည့် သိမ်ဖြူ သင်္ဘောကျင်း မိသားစု ဝန်ထမ်းရပ်ကွက် တည်ရှိသည့် ဧက ၂၀ အကျယ် မြေနေရာပေါ်တွင် BOT စနစ်ဖြင့် ဆိပ်ခံတံတားတစ်ခု ဆောက်လုပ်နေခြင်းကို ရပ်ဆိုင်းရန် အဆိုအား ပြည်သူ့လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူခဲ့သည်။

အစိုးရသစ်အား အာဏာလွှဲပြောင်းပေးရန် ခြောက်ရက် အလို (၂၅-၃-၁၆) တွင် ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီသည် MIC ၏ ခွင့်ပြုချက်ဖြင့် အဆိုပါ ဆိပ်ခံတံတား ဆောက်လုပ်ခွင့်ကို စာချုပ် ချုပ်ဆိုခဲ့ပြီး ယခုအခါ တည်ဆောက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိသည်ဟု ထိုလုပ်ငန်း ကို ရပ်ဆိုင်းရန် အဆိုတင်သွင်းသူ ဆိပ်ကမ်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တင်ပြခဲ့သည်။

ဆိပ်ကမ်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းအား သတင်းထောက်များ နှင့် အတူတွေ့ရစဉ် (ဆင်ဟွာ)

ဆိပ်ခံတံတား တည်ဆောက်မည့်မြေနေရာ နှင့် ကပ်လျက်တွင် ရှေးဟောင်း သမိုင်းဝင် ဗိုလ်တစ်ထောင် စေတီတော် ရှိပြီး လိုဏ်ဂူစေတီတော် ဖြစ်၍ မြေတုန်ခါစေသည့် တည်ဆောက်မှု လုပ်ငန်းများ၊ နေ့စဉ် ၂၄ နာရီ ဆောင်ရွက်မည့် ဆိပ်ကမ်းလုပ်ငန်းများသည် စေတီတော်ကို ထိခိုက်စေသည့် အပြင် ဘုရားဝတ်ပြုသူတို့အား ဆူညံသံများက အနှောင့် အယှက်ပေးနိုင်ခြင်း၊ စေတီတော်နှင့် ကပ်လျက်ရှိသော ဝန်ထမ်းရပ်ကွက်ကို ဖယ်ရှားလိုက်သဖြင့် လေဒဏ် အပူဒဏ်များ ယခင်ထက် ပိုမိုခံရခြင်း၊ တံတားဆောက်မည့် ကမ်းနားတစ်လျှောက်တွင် ဗိုလ်အောင်ကျော်တံတား တည်ဆောက်ခဲ့သည့် အကျိုးဆက်ကြောင့် သဲသောင်များ ဖြစ်ထွန်းနေခြင်း၊ ဆိပ်ခံ တံတားအရှေ့ ရေအနက်ရရှိရေးအတွက် တံတားကို မြစ်ဘက်သို့တို းပြီး တည်ဆောက်ရမည်ဖြစ်၍ သင်္ဘောကြီး ရေလမ်းကြောင်း ကျဉ်းသွားပြီး အန္တရာယ် ရှိနိုင်ခြင်း၊ နေ့စဉ် စရိတ်များစွာ အကုန်အကျခံကာ သောင်တူးဖော် ထိန်းသိမ်းနေရသည့် သင်္ဘောကြီး ဝင်ပေါက်အတွက် စိုးရိမ်ရခြင်း၊ ရန်ကုန်မြစ် အဝင်ဝတွင် သောင်ထွန်းမှု များလာပါက အတွင်းရှိ ဆိပ်ခံ တံတားများအတွက် စိုးရိမ်စရာ အခြေအနေများ ပေါ်လာနိုင်ခြင်း၊ ဆိပ်ကမ်းလုပ်ငန်းများ အောင်မြင်စွာ လည်ပတ်နိုင်ရန် ဆိပ်ကမ်းနှင့် အနီးဆုံး ထားရှိသည့် ဆိပ်ကမ်းပိုင် သင်္ဘောကျင်း၊ ပစ္စည်းသိုလှောင်ဌာန၊ ဆိပ်ခံ ဗောတံတားများ ထိန်းသိမ်း ပြုပြင် တည်ဆောက်ပေးနေသည့် ထိန်းသိမ်းရေး ဌာနတို့မှာ ဆိပ်ကမ်းနှင့် ဝေးရာသို့ ပြောင်းရွှေ့ပေးရမည်ဖြစ်ရာ ဆိပ်ကမ်း အထောက်အကူပြု လုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်မှု မရှိနိုင်ခြင်း၊ ဆိပ်ကမ်းမဲဆန္ဒနယ်အတွင်းရှိ မိသားစု ဝန်ထမ်း ရပ်ကွက် တစ်ခုလုံး ပျောက်ကွယ်ကာ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် တစ်ခု လျော့သွားနိုင်ခြင်း၊ … ….…. စသည့် ဆိုးကျိုးများ ဖြစ်လာနိုင်သောကြောင့် အဆိုပါ ဆိပ်ခံ တံတား တည်ဆောက်ခြင်းကို ရပ်ဆိုင်းပေးရန် အဆိုတင်ရကြောင်း ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဆိပ်ကမ်းမဲဆန္ဒနယ် အမတ် ဦးတင်မောင်ဝင်းက ပြောသည်။
ရန်ကုန်မြစ်၀ သင်္ဘောကြီးများ အဝင်လမ်းရှိ သဲသောင်ထွန်းနေမှုအား ရှင်းလင်းပြီး သတ်မှတ် ရေအနက် ရရှိစေရန် ၂၀၁၅ ခုနှစ် တွင် ပြည်ပမှ သောင်တူးရေယာဉ်ကြီး ငှားရမ်းပြီး သောင်တူးခဲ့ရကြောင်း၊ ယခုနှစ် ၂၀၁၆ မတ်လတွင် လည်း ဒိန်းမတ်နိုင်ငံမှ သောင်တူးရေယာဉ်ကို ၁၅ ရက် ငှားပြီး တူးဖော်ခဲ့ရာ ဒေါ်လာ ၁.၆ သန်းကျော် ကုန်ကျခဲ့ကြောင်း၊ ထို့ကြောင့် ရန်ကုန်မြစ်ဝ တွင် သဲနုန်းများထပ်ပို့ကာ သောင်ပိုထွန်းစေမည့် အဆိုပါ ဆိပ်ခံတံတား တည်ဆောက်ရေး စီမံကိန်းကို ရပ်ဆိုင်းသင့်ကြောင်း လည်း ၎င်းက လွှတ်တော်သို့ရှင်းပြသည်။
ဦးတင်မောင်ဝင်း၏ အဆိုကို ပန်းပဲတန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေဦးဘဆွေ က ထောက်ခံခဲ့ပြီး ပြည်သူ့လွှတ်တော်ကလည်း လက်ခံဆွေးနွေးရန် ကန့်ကွက်သူ မရှိ သဘောတူ သောကြောင့် အဆိုကို ဆွေးနွေးလိုသူ ကိုယ်စားလှယ်များအနေဖြင့် လာမည့် ဇွန်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော်ရုံးသို့အမည်စာရင်း တင်သွင်းကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.