Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့ အားသက်သေခံပစ္စည်းများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ်လ ၉ ရက်၂၃း၃၀ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များနှင့် သိန္နီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ သိန္နီမြို့နယ်၊ ပိန်ဆာကျေးရွာ အုပ်စု၊ ပန်စုံကျေးရွာနေ စိုးအောင် ၄၀ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်းရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ ပလတ်စတစ်ပေပါ ၈ လုံးဖြင့်ထည့်ထားသည့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော အက်စစ်တစ်အင်ဟိုက်ဒြိုက် ၁၄၄၀ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၁၀၈ သိန်း)နှင့် ဆာလာအိတ် ၁၀ အိတ်ဖြင့်ထည့်ထားသည့် ကဖင်း ၂၀၀ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၅၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါထိန်းချုပ်ဓာတု ပစ္စည်းများအား လာရောက်အပ်နှံထားသူ ချောင်းဆာကျေးရွာနေ သိန်းဇော် ၃၀ နှစ်အား ၎င်း၏နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့်၎င်းတို့အားသိန္နီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)