Connect with us

Politics, Law & Military

လွှတ်တော်အသီးသီး၏ တတိယအကြိမ် ပထမ ပုံမှန်အစည်းအဝေးများ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပရန် လျာထား

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပမှု တစ်ရပ်အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

လွှတ်တော်အသီးသီး၏ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ယနေ့ ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

 ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလသည် ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၈-၁၁-၂၀၂၀ တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရက်ပေါင်း ၉၀ ကာလအတွင်း လွှတ်တော်အစည်းအဝေးများကို ကျင်းပရမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အတွက် ကြိုတင်ပြင်ဆင်ရမည့် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ နှင့်စပ်လျဉ်း၍ လွှတ်တော် အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၀) ကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယက ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်သက်တမ်းတစ်ရပ်၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးမှာ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များအပါအဝင် နိုင်ငံသား ပြည်သူများအားလုံးအတွက် လွန်စွာ အရေးကြီးသည့် အစည်းအဝေး ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေးပါတီ ၁၉ ခုမှ ကိုယ်စားလှယ်ပေါင်း ၁,၁၁၃ ဦး နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၄ ဦး တို့အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

#လွှတ်တော် #အစည်းအဝေး #ရွေးကောက်ပွဲ #ဦးတီခွန်မြတ် #ဆင်ဟွာ #Xinhua