Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတနှင့် နေပြည်တော် မြို့တော်ဝန်တို့ မိမိတို့ နေအိမ်၌ Quarantine ဝင်လျက်ရှိဟု ဆို

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ သပြေကုန်းအဝိုင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ဒီဇင်ဘာ၊ ၇ ရက်(ဆင်ဟွာ)ရေးသားသူ/စိုးသန်းလင်း

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဌ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့သည် ၎င်းတို့ နေအိမ်များတွင် quarantine အသီးသီး ဝင်လျက် ရှိကြောင်း ကျန်းမာရေးနှင့်အကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက မီဒီယာသို့ ယနေ့အတည်ပြုပြောကြားသည်။

“သမ္မတquarantine ဝင်တာ ဟုတ်ပါတယ်၊ နေပြည်တော်ကောင်စီဥက္ကဌတို့ အကုန်လုံးလည်း quarantine ဝင်ပါတယ်၊ ရက်ကတော့ သတ်မှတ်ချက်အတိုင်းပါပဲ၊ နေအိမ်မှာ ပဲ Home quarantine လုပ်ပါတယ်၊ ကျန်းမာရေးက ပုံမှန်အတိုင်းပါပဲ၊ ထူးခြားမှုတော့မရှိပါဘူး၊ နှစ်ကြိမ်ပြန်စစ်မှာပါ” ဟု ၎င်းက ဖြေကြားခဲ့သည်။

နေပြည်တော်သို့ ခရီးသည်များ ဝင်ရောက်လာမှုကို ယခုရက်ပိုင်း၌ ပိုမို စိစစ်လျက်ရှိကြောင်း၊ ဝင်ရောက်မှု ပမာဏ များလာသဖြင့် quarantine ဝင်သူဦးရေမှာ ယခင်က ၁,၀၀၀၊ ၁,၁၀၀ ဦးခန့်သာ ရှိခဲ့ရာမှ ယခုရက်ပိုင်းများတွင် ၁,၅၀၀၊ ၁,၆၀၀ ဦးခန့်အထိ ရှိလာကြောင်း၊ Stay Home မြို့နယ်များမှ ဝင်ရောက်လာသူများဖြစ်ပြီး ပိုးတွေ့အရေအတွက်လည်း များလာကြောင်း၊ စိစစ်ရေးဂိတ်များမှ မဝင်ဘဲ ကျေးလက်လမ်းများမှ တရားမဝင် ဝင်လာသည်များလည်း ရှိခဲ့ရာ ပြီးခဲ့သည့် နိုဝင်ဘာ တစ်လအတွင်း နေပြည်တော်သို့ တရားမဝင်ရောက်ရှိပြီး quarantine ထည့်ရသော လူအရေအတွက်မှာ၇၀၀ ကျော်ထိ ရှိခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“ပြည်သူတွေအနေနဲ့ကတော့ရောဂါ ကူးစက်မှုမရှိအောင် တတ်နိုင်သလောက် အိမ်ထဲမှာပဲနေပါ၊ လူစုလူဝေးရှောင်ပါ၊ ပြီးတဲ့အခါကျတော့နေပြည်တော်ထဲကို ဝင်ရောက်တဲ့ ပုဂ္ဂိုလ်များ အနေနဲ့ကလည်း လူသစ်ရောက်လာရင် ကျွန်တော်တို့ကို သတင်းပို့စေချင်ပါတယ် ။တရားဝင်ကွာရန်တင်းဝင်ပြီးမှပဲ နေပြည်တော်ကို ဝင်စေချင်ပါတယ်” ဟုလည်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆက်ပြောသည်။

နေပြည်တော်၌ ဒေသတွင်းကူးစက်မှု နည်းပါးသော်လည်း တခြားဒေသများမှ ဝင်လာသူများတွင် ပိုးတွေ့ပြီး ကူးစက်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် သတိထားစေလိုကြောင်း၊ မဖြစ်မနေ Mask တပ်ရန် ၊ လက်ဆေးရန်နှင့် လူစုလူဝေးရှောင်ကြရန်လိုအပ်ကြောင်း၊ သို့မှသာ ရောဂါပိုးကို ကျော်ဖြတ်နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

နေပြည်တော်တွင် ဒီဇင်ဘာလ ၆ ရက်နေ့အထိ ပိုးတွေ့လူနာ‌ပေါင်း ၄၈၆ ဦး ရှိခဲ့ပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၃၉၉ ဦး၊ ဆေးရုံ၌ ကုသနေဆဲ ခံယူနေသူ ၈၂ ဦးနှင့် သေဆုံးသူ ငါးဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

#နိုင်ငံတော်သမ္မတ #MyanmarPresident #နေပြည်တော် မြို့တော်ဝန် #NayPyiTawMayor #Quarantine #Xinhua


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117