Connect with us

Politics, Law & Military

လွှတ်တော် အစည်းအဝေးများ တစ်လခန့်နားမည်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများအား ဇွန်လ ၁၀ ရက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ အပြီးတွင် ရပ်နားမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တို့က ပြောသည်။

“ကျင်းပနေတဲ့ ရက်တွေကလည်း ကြာနေပြီ။ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုတွေလည်း သိပ်မရှိတော့ လွှတ်တော် လုပ်ငန်းတွေလည်း မြန်ဆန် ထိရောက်မှု ရှိပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ် တွေအတွက် ကိုယ့် မဲဆန္ဒနယ်နဲ့ ထိတွေ့ဖို့ကလည်း အရေးကြီးနေတော့ အခုလို ရပ်နားရတာပါ” ဟု ပထမအကြိမ် လွှတ်တော် ကတည်းက ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ပြီး ယခု ဒုတိယအကြမ် လွှတ်တော်အတွက်လည်း အဆိုပါ မဲဆန္ဒနယ်မှပင် ဆက်လက် အနိုင်ရခဲ့သည့် ဒေါ်ခင်စန်းလှိုင်က ပြောသည်။
လွှတ်တော် အစည်းအဝေးများကို တစ်လခန့်သာ ရပ်နားပြီး လာမည့် ဇူလိုင်လလယ် ရက်များတွင် ပြန်လည် စတင်ဖွယ် ရှိကြောင်းလည်း သူမက ပြောသည်။ မနက်ဖြန် (ဇွန်လ ၁၀ ရက်၊ သောကြာနေ့) ပြည်သူ့ လွှတ်တော် အစီအစဉ်ပါ အစီအစဉ် အမှတ် (၇) တွင် လွှတ်တော် ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက် အမှာစကား ပြောခြင်းဟူ၍ ပါရှိသည်။
ထို့ပြင် လွှတ်တော် အစည်းအဝေးများ မရပ်နားမီ တစ်ရက်တွင် ပြောကြားလေ့ရှိသည့် အစီအစဉ် ဖြစ်သည်။ ထို့အပြင် မနက်ဖြန် အစည်းအဝေး အပြီးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် မီဒီယာများနှင့် တွေ့ဆုံမည့် အစီအစဉ်လည်း ပါဝင်ကြောင်း ပြည်သူ့လွှတ်တော်ရုံးက ပြောသည်။
ယခု ရပ်နားခြင်းသည် ဒုတိယအကြိမ် လွှတ်တော်၏ ပထမ ပုံမှန် အစည်းအဝေးများကို ရပ်နားခြင်း ဖြစ်ပြီး ဇူလိုင်လလယ် ရက်များတွင် ပြန်လည်စတင်မည့် အစည်းအဝေးသည် ဒုတိယအကြိမ် လွှတ်တော်၏ ဒုတိယ ပုံမှန် အစည်းအဝေးများ စတင်သည့် အစည်းအဝေးဖြစ်သည်ဟု လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။
ယခု ဒုတိယ လွှတ်တော်၏ ပထမ ပုံမှန် အစည်းအဝေးများကို ဥပဒေပြု အာဏာ လွှဲအပ်သည့် ၂၀၁၆ ဖေဖော်ဝါရီ ၁ ရက်မှ စတင် ကျင်းပခဲ့ပြီး ကြားတွင် သြင်္ကန်ပိတ်ရက်ရှည်ကို ကိုယ်စားလှယ်များအား အနားပေးခဲ့ခြင်း ဖြစ်ရာ ပထမ ပုံမှန် အစည်းအဝေးသည် သြင်္ကန်ပိတ်ရက် အပါအဝင် လေးလနှင့် ၁၀ ရက် ကြာမြင့်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.