Connect with us

Politics, Law & Military

ရန်ကုန်မြစ်ဝ ဆိပ်ကမ်းစီမံကိန်း ဖျက်သိမ်းရန် ပြည်သူ့လွှတ်တော်က အတည်ပြု

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် ဗိုလ်တစ်ထောင်ဘုရား နှင့် ဗိုလ်အောင်ကျော် တံတား အကြားရှိ သိမ်ဖြူ သင်္ဘောကျင်း မိသားစု ဝန်ထမ်းရပ်ကွက် တည်ရှိသည့် ဧက ၂၀ အကျယ် မြေနေရာပေါ်တွင် ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီက BOT စနစ်ဖြင့် ဆိပ်ခံတံတားတစ်ခု ဆောက်လုပ်နေခြင်းကို ရပ်ဆိုင်းရန် ပြည်သူ့လွှတ်တော်က ယနေ့ အတည်ပြုလိုက်သည်။

ထိုသို့ရပ်ဆိုင်းရန် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို ဆိပ်ကမ်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ဇွန် လ ၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်း ခဲ့ပြီး ပန်းပဲတန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေဦးဘဆွေ က ထောက်ခံခဲ့ကာ ပြည်သူ့လွှတ်တော်ကလည်း လက်ခံဆွေးနွေးရန် ကန့်ကွက်သူ မရှိ သဘောတူကြ သဖြင့် ယနေ့ ဇွန်လ ၈ ရက်၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး (၄၁) ရက်မြောက် နေ့တွင် ထိုအဆိုအပေါ် လွှတ်တော် ကိုယ်စားလှယ် ငါးဦးတို့က ထောက်ခံ ဆွေးနွေးခဲ့ကြ သည်။
ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကလည်း ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ထိုအဆိုနှင့် ပတ်သက်ပြီး “ကောင်းကျိုးထက် ဆိုးကျိုး ဖြစ်ပေါ်မှုက ပိုများနေတဲ့အတွက် ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရသည် ဖြစ်သော်လည်း ဒီဟာက အန္တရာယ်ကြီးမားတဲ့အတွက် စွန့်စားမှု မလုပ်သင့်ကြောင်း သုံးသပ်မိပါတယ်။ ဒါကြောင့် ဒီအဆိုကို ကန့်ကွက်ရန် မရှိပါကြောင်း၊ ထောက်ခံပါ ကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောခဲ့သည်။
ထို့အပြင် ရန်ကုန်မြစ်ဝတွင် သင်္ဘောဆိပ်ခံတံတား တည်ဆောက်ရန် ကောင်းမြန်မာအောင် သင်္ဘော ကုမ္ပဏီကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၆ ခုနှစ် မတ်လ၂၆ ရက် တွင် ခွင့်ပြုခွင့် ပေးခဲ့ပြီး နောက် လေးရက်အကြာ ၃၀ -၃- ၁၆ တွင် BOT စာချုပ် ချုပ်ခဲ့သည်။ ထိုစာချုပ်အရ နိုင်ငံတော်ဘက်က မြေငှားခ ပရီမီယံကြေး တစ်ဧကကို သိန်း ၁၅၀ နှုန်းဖြင့့် ၉.၉၉ ဧက အတွက် ၂၉၈.၈၉ သန်းရရှိပြီး လစဉ် ဝင်ငွေ ကျပ် ခုနစ်သန်း၊ ဒေါ်လာ သုည ဒသမ ၁၅ သန်း ရရှိမည် ဖြစ်သော်လည်း စွန့်စားရမှုက ပိုပြီးများကြောင်း၊ သီလဝါ Port ကို ကျော်ပြီး River Port အဖြစ် မြစ်ဆိပ်အတွင်းကို ဝင်လာခြင်းကြောင့် ယခင်ကတည်းက တစ်ကြိမ်လျှင် တစ်စင်းချင်းသာ ဝင်လို့ရသည့် ပင်လယ်ကူး သင်္ဘောဝင်လမ်းက ကျပ်သွားနိုင်ကြောင်း၊ ဒုတိယအချက်မှာ အောက်ခံမြေ မခိုင်သည့် နေရာတွင် လိုဏ်ဂူ ပုံစံဆောက်ထားသည့် သမိုင်းဝင် ဗိုလ်တစ်ထောင်ဘုရားသည် ယခု စီမံကိန်းကြောင့် နောက် ငါးနှစ်။ သို့မဟုတ် ဆယ်နှစ်အတွင်း တစ်ခုခုဖြစ် သွားနိုင်ကြောင်း၊ ထို့ပြင် ဆိပ်ကမ်းရှိ လူဦးရေ တစ်ထောင်ခန့် ရှိသော ဝန်ထမ်း ရပ်ကွက်ကို ရွှေ ့ရလျှင် ၎င်းတို့အတွက် အိမ်ယာအခက်အခဲများ၊ ၎င်းတို့မရှိတော့သဖြင့် အခက်ကြုံလာရမည့် ဆိပ်ကမ်း ထိန်းသိမ်းမှု လုပ်ငန်း၊ သင်္ဘောလုပ်ငန်းများလည်း ရှိကြောင်း ဖြင့် ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်က ထောက်ခံ ဆွေးနွေးခဲ့သည်။
ထို့ကြောင့် ရန်ကုန် မြစ်ဝတွင် အဆိုပါသင်္ဘောဆိပ်ခံ တံတားသစ် တည်ဆောက်ရေး စီမံကိန်းအား ရပ်ဆိုင်းရန် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.