Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် အထောက်အပံ့ ပြုနိုင်ရေး အစိုးရ နှင့် ကုလသမဂ္ဂ အေဂျင်စီများ အကြား နားလည်မှု စာချွန်လွှာ ကနဦး လက်မှတ် ရေးထိုး

နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန် ၊ မေ ၃၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ ပြုနိုင်ရေး အတွက် နိုင်ငံတော် အစိုးရ နှင့် ကုလသမဂ္ဂ အေဂျင်စီများ အကြား နားလည်မှု စာချွန်လွှာအား ကနဦး လက်မှတ် ရေးထိုးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူများ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်အား အကောင်အထည် ဖော်ရာတွင် မြန်မာနိုင်ငံ အစိုးရ၏ ဆောင်ရွက်မှုများအား အထောက်အကူ ပြုနိုင်ရန် အတွက် နားလည်မှု စာချွန်လွှာ(MOU) တစ်ရပ်ကို မြန်မာနိုင်ငံ အစိုးရ ၊ အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး(UNHCR)တို့အကြား ယနေ့မေ ၃၁ ရက်တွင် ကနဦး လက်မှတ် ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အစိုးရ အနေဖြင့် လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ပြီး ဖြစ်သည့် ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာ သွားသူများအား ပြန်လည် လက်ခံရာတွင် ကုလသမဂ္ဂ အေဂျင်စီများမှ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) တို့သည် နေရပ် စွန့်ခွာ သွားသူများအား ပြန်လည် နေရာချထားရေး ၊ ၎င်းတို့အနေဖြင့် အသက်မွေး ဝမ်းကျောင်း လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်စေရန် အတွက် သက်ဆိုင်ရာ အသိုက်အဝန်းများ အတွင်း လိုအပ်သည်များ ပံ့ပိုးပေးရာတွင် မြန်မာနိုင်ငံ အစိုးရ နှင့် အတူ ပါဝင် ဆောင်ရွက်ရန် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော် အစိုးရ အနေဖြင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး(UNHCR)တို့နှင့် အတူ အဆိုပါ နားလည်မှု စာချွန်လွှာအား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ရလဒ် အနေဖြင့် ယင်းနားလည်မှု စာချွန်လွှာအား မကြာမီ လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။(Xinhua)