Connect with us

Politics, Law & Military

အကြမ်းဖက်တိုက်ခိုက်မှုများကို သတိကြီးကြီးဆောင်ရွက်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ထား ဟုဆို

ရခိုင်ပြည်နယ်မြေပုံအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သော ရက်ပိုင်းကဖြစ်ပွားခဲ့သော အကြမ်းဖက်ဝင်ရောက်စီးနင်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မည်ဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများကို သတိကြီးကြီးထားပြီး ဆောင်ရွက်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က လမ်းညွှန်ထား ကြောင်း သမ္မတရုံးဝန်ကြီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၎င်းလူမှုကွန်ယက် စာမျက်နှာ၌ တရားဝင်ဖော်ပြထားသည်။

“ရဲတပ်ဖွဲ့ဝင်တွေ ခုလို အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး Security Survey ကို ဆောင်ရွက်လျက် ရှိပြီး လိုအပ်သလို အမြန်ဆုံး ဖြည့်တင်းပေးဖို့ ဆောင်ရွက်နေပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

အဆိုပါ အကြမ်းဖက်စီးနင်းတိုက်ခိုက်စဉ် အရှင်ဖမ်းမိထားသော အကြမ်းဖက်တိုက်ခိုက်သူကိုလည်း စစ်ဆေးဖော်ထုတ်ချက်များအရ ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တစ်ဆက်တည်း အရှိန်မြှင့်ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်း ရခိုင်ဖြစ်စဉ်အတွင်း ကျဆုံးသွားသည့်သူများနှင့် ကျန်ရစ်သူ မိသားစုဝင်များအတွက် ထိထိရောက်ရောက် ထောက်ပံ့ကူညီပေးမည်ဖြစ်သည်။

တပ်မတော်လုံခြုံရေး အကူအညီအတွက် မူလရှိပြီး နယ်မြေခံ တပ်များအပြင် တပ်မ ထပ်မံ ထည့်သွင်းထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း လိုအပ်လျှင် ရေယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်များနှင့် တပ်အင်အား အသုံးပြုခွင့် ပေးထားပြီးဖြစ်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင် အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုနယ်မြေအတွင်း ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရနယ်မြေစခန်းများကို အောက်တိုဘာ ၉ရက်နေ့ နံနက် ၁နာရီခွဲခန့်က အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၉ဦးကျဆုံး၊ ၄ဦးဒဏ်ရာရရှိ၍ လက်နက်မျိုးစုံ ၅၁လက်နှင့် ကျည်မျိုးစုံ အတောင့် ၁ဝ၁၄ဝ၊ လှံစွပ် တစ်ခု၊ ကျည်အိမ် ၂၇ ခု ဆုံးရှုံးသွားခဲ့သည်။

အဆိုပါ မောင်တောခရိုင်အတွင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ အောက်တိုဘာ ၉ ရက်နေ့မှစပြီး လူငါးဦးထက် ပို မစုဝေးရ အမိန့်နှင့် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရ အမိန့်များ ထုတ်ပြန်ကြေညာထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.