Connect with us

Politics, Law & Military

အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်တိုင်း၌ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ခွင့် ရရှိရေး ဦးတည် ဆောင်ရွက်သွားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆို

အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ဖွဲ့စည်းရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး အား နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပနေစဉ် (ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်တိုင်းတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ခွင့် ရရှိရေး ဦးတည် ဆောင်ရွက်သွားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ အိမ်တော်တွင် ယနေ့ နံနက်ပိုင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့သော အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ဖွဲ့စည်းရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးပွဲ၌ အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ဖွဲ့စည်းရေး လုပ်ငန်းများနှင့် နှစ်ဆယ့်တစ် ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အတွက် ကြိုတင် ပြင်ဆင်သည့် လုပ်ငန်းစဉ်များကို တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားရေး၊ နှစ်ဆယ့်တစ် ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အတွက် ကြိုတင် ပြင်ဆင်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပါဝင်သင့် ပါဝင်ထိုက် သူများ ပါဝင်နိုင်ရေး ဦးတည် ဆောင်ရွက်သွားရေး သဘော တူညီခဲ့ကြသည်။

အဆိုပါ အစည်းအဝေးပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စေ့စပ်ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာ တင်မျိုးဝင်း၊ အစိုးရ ကိုယ်စားလှယ်များ ဖြစ်ကြသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးခင်ဇော်ဦးနှင့် ဒေါက်တာ မင်းဇော်ဦး၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးမှ ဦးမိုးဇော်ဦး တို့ တက်ရောက်ကြသည်။

ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို လာမည့် သီတင်းပတ်အတွင်း ဆက်လက် ကျင်းပမည် ဖြစ်သည်။ (Xinhua)