Connect with us

Politics, Law & Military

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ကိုယ်စားလှယ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ စတင် ကြေညာ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး နေပြည်တော် ၊ မီဒီယာ စင်တာ ဖွင့်ပွဲ အခမ်းအနားတွင် ရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံတစ်ဝန်း၌ ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော လွှတ်တော် ကိုယ်စားလှယ်များနှင့် မဲရလဒ်များကို ပထမဆုံး အကြိမ်အဖြစ် ယနေ့ နိုဝင်ဘာလ ၉ ရက်တွင် စတင် ကြေညာ ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးရှိ မီဒီယာ စင်တာ ဖွင့်ပွဲ အခမ်းအနားတွင် အဆိုပါ ရလဒ်များကို ကြေညာခဲ့ခြင်းဖြစ်ပြီး ယနေ့ ကြေညာသော စာရင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၂ နေရာနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၄ နေရာ၏ မဲစာရင်း ရလဒ်များ ပါဝင်သည်။

ပြည်သူ့ လွှတ်တော်တွင် NLD ပါတီ မှ ၁၂ နေရာ လုံး အနိုင်ရရှိခဲ့သည်။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၄ နေရာတွင်မူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ဆိပ်ကမ်း (၁) မဲဆန္ဒနယ် အတွက် တစ်နေရာ အနိုင်ရရှိခဲ့ပြီး ကျန်သုံးနေရာအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မီဒီယာ စင်တာ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက မိန့်ခွန်း ပြောကြားရာ၌ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် တည်ငြိမ် အေးချမ်းသည့် ရွေးကောက်ပွဲဖြစ်ကြောင်း သုံးသပ် ပြောကြား ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရန်ကုန်ရုံးရှိ သတင်း အချက်အလက်ဌာနတွင် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ စာရင်းကို ကြေညာနေစဉ် (ဆင်ဟွာ)

ထို့ပြင် ယခု ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ နှင့် ထူးခြားဖြစ်စဉ် ၄၈ ခု ဖြစ်ပွားခဲ့ပြီး ၊ အယောင်ဆောင်မဲပေးခြင်း ၄ ခု (ဝ.၀၀၉ ရာခိုင်နှုန်း) ၊ မဲလက်မှတ် မှားပေးခြင်း ၁၄ ခု (ဝ.၀၃၅ ရာခိုင်နှုန်း)၊ မဲရုံလက်မှတ်မပါသည့် မဲပေးခြင်း ဖြစ်စဉ် ၃ ခု (ဝ.၀၀၇ ရာခိုင်နှုန်း) ၊ တရားမဝင် မဲဆွယ် စည်းရုံးခြင်း ၁၂ ခု (ဝ.၀၂၉ ရာခိုင်နှုန်း) နှင့် အခြား ထူးခြားဖြစ်စဉ် ၁၅ ခု ( ဝ.၀၃၇ ရာခိုင်နှုန်း) ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးဖြစ်စဉ်နှင့် အချိုးချလျှင် ဝ.၁၁၉ ရာခိုင်နှုန်း ဖြစ်သဖြင့် မဲရုံ ၁,၀၀၀ လျှင် ဖြစ်စဉ် ၁ ကြိမ်သာ ရှိုသည့် သဘောဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ယခု ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ ရလဒ်များကို နေ့စဉ် နံနက် ၉ နာရီ၊ နေ့လည် ၁၂ နာရီ၊ မွန်းလွဲ ၃ နာရီ၊ ညနေ ၆ နာရီ၊ ည ၉ နာရီ နှင့် ည ၁၁ နာရီတို့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မီဒီယာ စင်တာမှ ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင်လည်း တစ်ပြိုင်နက် ကြေညာသွားမည် ဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် နေ့စဉ် ညနေ ၄ နာရီတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)