Connect with us

Politics, Law & Military

နိုင်ငံအပေါ် စေတနာထားပြီး ပြည်သူလူထု အားလုံး မခွဲခြားဘဲ မေတ္တာထား ရှေ့လမ်းကို လျှောက်သွားချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ပါတီ ဌာနချုပ်ရှေ့၌ နှုတ်ခွန်းဆက် စကားပြောနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

နိုင်ငံ အပေါ်တွင် စေတနာထားပြီး ပြည်သူလူထု အားလုံးအပေါ်တွင် ကျောသား ၊ ရင်သား မခွဲခြားဘဲ မေတ္တာထားပြီး ရှေ ့လမ်းကို လျှောက်သွားချင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲပြီးနောက် နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ပါတီ ဌာနချုပ်ရှေ့သို့လာရောက်ခဲ့ကြသည့် ပြည်သူလူထုသို့ ပထမဆုံးအဖြစ် နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယခုရက်ပိုင်းအတွင်း ရွေးကောက်ပွဲ ရလဒ် မည်သို့ရှိသည်ဆိုသည်ကို သေချာ တိကျစွာ တရားဝင် ပြည်သူလူထု သိကြမည်ဖြစ်ပြီး ၊ ရလဒ်များ ပို၍ တိတိကျကျ သိရသည့်အခါတွင် ပြောသင့် ပြောထိုက်သည်များကို ထပ်မံ ပြောကြားသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။
“ဒီအချိန်မှာ ရွေးကောက်ပွဲ ရလဒ်များဟာ တရားဝင် မဖြစ်သေးတော့ ဒါထက် ပိုပြီးတော့ ကျွန်မ ပြောဖို့ဟာ မသင့်တော်သေးပါဘူး။ မပြောလို့ ရှိရင်လည်း နားလည်ပြီးသား ပြည်သူလူထု ဖြစ်တယ်လို့ကျွန်မ ယုံကြည်ပါတယ်။ အေးအေး ဆေးဆေးနဲ့တည်တည်ငြိမ်ငြိမ် နေကြပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါတီ ဌာနချုပ်သို့ နှုတ်ခွန်းဆက် စကားပြောရန် ရောက်ရှိလာစဉ် (ဆင်ဟွာ)

ထို့အတူ အဖွဲ့ချုပ်ကိုယ်စားပြု ယှဉ်ပြိုင်၍ နိုင်ခဲ့သည်ဟု ယူဆရသည့် ကိုယ်စားလှယ်လောင်းများကို ဂုဏ်ပြုရန် အချိန်မရောက်သေးကြောင်း၊ ပြည်သူလူထုက ယုံကြည်စွာ ပေးအပ်သော တာဝန်များ ကျေပွန် ၊ မကျေပွန် ဆိုသည့် အခြေအနေဖြင့်သာ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းများကို ဂုဏ်ပြုမည်ဖြစ်ပြီး ယခုအချိန်သည် ဂုဏ်ပြုရန် စောပါသေးသည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
“လူဆိုတာရှုံးတယ် နိုင်တာထက် ဘယ်လိုရှုံးတယ် ၊ ဘယ်လို နိုင်တယ် ဆိုတာ ပိုပြီးတော့ အရေးကြီးပါတယ်။ ရှုံးတဲ့သူများဟာ သတ္တိရှိရှိ ၊ အိန္ဒြေ ရှိရှိနဲ့ရှုံးနိုင်ရသလို နိုင်တဲ့လူများဟာ ကိုယ့်စိတ်ကို နိမ့်ကျပြီးတော့ အင်မတန်မှ သဘောထား ကြီးစွာနဲ့အနိုင်ကို ရင်ဆိုင်မှ တကယ် အောင်နိုင်သူတွေ ဖြစ်မှာပါ။ အေးအေးဆေးဆေးနဲ့တည်တည်ငြိမ်ငြိမ် နေကြပါ ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့ပြင် အမှန်တကယ် အောင်နိုင်ရေးသည် တစ်နိုင်ငံလုံး အတွက်သာ ဖြစ်ရလိမ့်မည်ဟု ပြောကြားပြီး မည်သည့် အဖွဲ့အစည်း ၊ ပုဂ္ဂိုလ်များအတွက်မျှ မဖြစ်ရစေကြောင်း ၊ တစ်နိုင်ငံလုံး အတွက် ကြီးကျယ် အောင်နိုင်မှု ရရှိရန် အားလုံး အတူတူ လက်တွဲပြီး ကြိုးစားသွားကြရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.