Connect with us

Politics, Law & Military

နိုင်ငံသား စိစစ်ရေးကတ် အတုဖြင့် ဆင်းကတ် မှတ်ပုံတင်ခြင်းများ ပြုလုပ်၍ ရောင်းချနေမှုကို စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ

မိုဘိုင်းဖုန်း အသုံးပြုနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) 

တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် နိုင်ငံသား စိစစ်ရေးကတ် အတုဖြင့် ဆင်းကတ် မှတ်ပုံတင်ခြင်းများ ပြုလုပ်၍ ရောင်းချမှုများ ရှိနေသဖြင့် မှန်၊ မမှန် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးဆွေက ဆင်ဟွာသို့ပြောကြားသည်။

၎င်းက  “ကျွန်တော်တို့ နိုင်ငံမှာ အော်ပရေတာ ၄ ခုရှိတယ်။ နိုင်ငံသားစိစစ်ရေးကတ် ၁ခု က အော်ပရေတာ ၁ခု စီက ဆင်းကတ် ၂ ခုစီ ကိုင်လို့ရတယ်။ စုစုပေါင်း ဆင်းကတ် ၈ ကတ်ကိုင်လို့ရတယ်။ ဥပမာ မှတ်ပုံတင်တစ်ခုကို နည်းပညာအကူအညီနဲ့ ပြင်၊ ပြင်ပြီးတော့ တခြားသူတွေကိုရောင်းတာ အဲဒါ ကို အရေးယူသွားမှာပါ’’ ဟုပြောသည်။ 

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ဆင်းကတ် ရောင်းချနေသည့် ဆိုင်များကို တိုက်ရိုက် အရေးယူ၍ မရသော်လည်း ရောင်းချသည့်ဆိုင်များသည် နိုင်ငံသားစိစစ်ရေး ကတ်အတုလုပ်သည့် ဥပဒေ၊ စာရွက်စာတမ်း ကိစ္စများနှင့်  ငြိစွန်းမှုရှိသောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ ပြစ်ဒဏ်ကျခံရနိုင်သည့်အတွက် မလုပ် ဆောင်ကြ ရန် လိုအပ်ကြောင်း ၊ ဖုန်းအော်ပရေ တာများအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် အမည် မှန်၊ မမှန် စစ်ဆေးခြင်း လုပ်ငန်းများကို    ညွှန်ကြားချက်များ နှင့်အညီ စစ်ဆေးလျက်ရှိကြောင်း နှင့် မှတ်ပုံမတင်သည့် ဆင်းကတ် ပေါင်း၁၁သန်းကျော်ကို ဇွန်လကုန်ပိုင်းက အပြီး ပိတ်သိမ်းခဲ့သော်လည်း လက်ရှိတွင် နိုင်ငံသား စိစစ်ရေး ကတ်အတု များဖြင့် မှတ်ပုံတင်ကာ  ပြန်လည်ရောင်းချ နေသူများလည်း ရှိနေကြောင်း သိရသည်။ 

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ဆင်းကတ်များ မှတ်ပုံတင်ရန် ၂ဝ၂ဝပြည့်နှစ် ဖေဖော်ဝါရီလ အတွင်း အသိပေးကြေညာခြင်းများ ပြုလုပ်ခဲ့ပြီး ဧပြီလကုန်အထိ မှတ်ပုံမတင်သည့် ဆင်းကတ်များကို စုံစမ်း နိုင်ရန် Call Center ကို ခေါ်ဆိုခြင်း၊ ဖုန်းအထွက် ခေါ်ဆိုမှုများကို ပိတ်ထားခြင်း၊ အင်တာနက် အသုံးမပြုနိုင်ရန်  ပြုလုပ်ထားခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ပြည်သူတွေကို ပြောချင်တာ က ဇွန်လကုန်အထိ မှတ်ပုံမတင်ထားတာ ၁၁ သန်းကျော်ဆင်းကတ်ကျန်တော့ အဲဒါကိုတော့ ပိတ်လိုက်တယ်။ ပြည်သူလူထုကို တိုက်တွန်းချင်တာ ဆင်းကတ်ဝယ်တဲ့အခါ ကိုယ့်ရဲ့မှတ်ပုံတင်မူရင်း နဲ့ပဲ သွားဝယ်ပါ။ ကျွန်တော်တို့က ဒါတွေ ကိုအမြဲတမ်းစစ်နေတော့ အချက်အလက် မမှန်လို့ ပိတ်လိုက်ရင် သုံးစွဲသူနစ်နာမယ်။ ဒါကြောင့်မှတ်ပုံတင်မူရင်းနဲ့ဝယ်ဖို့ ပြည်သူတွေကို မေတ္တာရပ်ခံတိုက်တွန်းပြောကြားချင်ပါတယ်’’ ဟု ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် က ဆက်လက် ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.