Connect with us

Social

ထီထိုးအားမြင့်တက်လာခြင်းကြောင့် ၂၄ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် အရံထီအပါအဝင် ထီစာအုပ်ပေါင်း ၃,၄၃၆,၃၅၆ အုပ်အားရောင်းချလျက်ရှိကြောင်းဆို

ထီထိုးနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့်

COVID-19 ရောဂါတွေ့ရှိမှု ကျဆင်းလာသည့်နောက်ပိုင်း အောင်ဘာလေထီ ဝယ်လိုအားမြင့်တက်လာသည့်အတွက် ၂၃ ကြိမ်မြောက်တွင် ထီစာအုပ် ၃,၂၇၂,၇၂၀ အုပ်ရောင်းချခဲ့ရာမှ ၂၄ ကြိမ်မြောက်တွင် အရံထီအပါအဝင် ထီစာအုပ်ပေါင်း ၃,၄၃၆,၃၅၆ အုပ်အားရောင်းချလျက်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ဆင်ဟွာသို့ ဇန်နဝါရီ ၂၃ ရက်တွင်ပြောသည်။

၂၃ ကြိမ်မြောက်တွင် မူလအက္ခရာ အလုံး ၄၀ မှ ၂၄ ကြိမ်မြောက်တွင် ၄၁ လုံးအပြင် အရံထီ အက္ခရာ ၁ လုံး ကိုပါ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“ထီဝယ်လိုအားက နိုဝင်ဘာလလောက်ကစပြီး ပြန်မြင့်တက်လာခဲ့တယ်။ ဒါကြောင့် ဒီဇင်ဘာ ၁ ရက်မှာ ဖွင့်လှစ်မယ့် အောင်ဘာလေထီသိန်းဆုဖွင့်ပွဲအတွက် နိုဝင်ဘာလမှာ ကျွန်မတို့ အရံထီကို စရောင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီဇင်ဘာ ၁ ရက် မှာ ဖွင့်လှစ်တဲ့ ၂၂ ကြိမ်မြောက် အောင်ဘာလေထီသိန်းဆုဖွင့်ပွဲမှာ အရံထီက စာအုပ် ၃၃၀၀၀ ကျော် ရောင်းမကုန်ထီအဖြစ် ကျန်ရှိခဲ့တယ်။ ဒါပေမယ့် ၂၃ ကြိမ်မြောက်မှာကျွန်မတို့ အက္ခရာ ၄၀ နဲ့ အရံထီ အက္ခရာ ၁ လုံး ကိုရောင်းချခဲ့တယ်။ အားလုံးရောင်းကုန်ခဲ့တယ်။ ဒါကြောင့်ဒီ ၂၄ ကြိမ်မြောက်မှာ ထီရောင်းအားပိုကောင်းလာတဲ့အတွက် အက္ခရာ ၄၁ လုံးအထိ အက္ခရာ ၁ လုံး ပိုထုတ်သလို အရံထီကိုလည်း ဇန်နဝါရီ ၁၈ က စတင်ရောင်းချပေးခဲ့ပါတယ်’’ ဟု ဒေါ်ဆွေဆွေခိုင်က ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ်မည့် ၂၄ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် မူလထီအက္ခရာ ၄၁ လုံး “က” အက္ခရာမှ “ကဇ” အက္ခရာ အထိ ၊ အရံထီ အက္ခရာ ၁ လုံးဖြစ်သည့် “ကဈ” အက္ခရာဖြင့် အရံထီစာအုပ်အရေအတွက် ၈၁,၈၁၈ အုပ်ကို ရောင်းချပေးနေကြောင်း သိရသည်။

“ထီရောင်းအားပေါ်မူတည်ပြီး ထီလက်မှတ်ပိုထုတ်ပေးရတာက ထီဈေးနှုန်းတည်ငြိမ်ရေး အတွက် ကြိုးပမ်းဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။ အရံထီထားရှိခဲ့လို့ ထီဈေးနှုန်းမြင့်တက်မှုကို အထိုက်အလျောက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဝယ်လိုအားမြင့်တက်မှုကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။’’ ဟု ၎င်းကဆက်ပြောသည်။

ထီလက်မှတ်ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းအား ဆုမဲအဖြစ် ပြန်လည်ချီးမြှင့်ခြင်းဖြစ်သောကြောင့် ၂၄ ကြိမ်မြောက်သည် ဆုမဲအရေအတွက် ပိုမိုများပြားမည်ဖြစ်ကြောင်းဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.