Connect with us

Social

၂၁ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ် ၅၆၇,၁၆၉ အုပ် ရောင်းမကုန်ထီအဖြစ်ကျန်ရှိ

အောင်ဘာလေသိန်းဆုဖွင့်ပွဲတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

၂၁ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ် ၃,၃၅၄,၅၃၈ အုပ်ရိုက်ထုတ်ခဲ့ရာတွင်  ထီစာအုပ် ၂,၇၈၇,၃၆၉အုပ်သာရောင်းချခဲ့ရကြောင်း၊ ထီစာအုပ် ၅၆၇,၁၆၉ အုပ် မှာရောင်းမကုန်ထီအဖြစ်ကျန်ရှိခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် က “COVID-19 ကာလ Stay at Home တွေလုပ်တဲ့အချိန်မှာ လူတွေအပြင်မထွက်ရတော့ ထီလက်မှတ်ရောင်းမကုန်တာတွေ ရှိခဲ့တယ်။ထီလက်မှတ်သေချာသိမ်းပါ။ ထီထိုးတဲ့ပြည်သူတွေ ကို ကျွန်မအနေနဲ့ အဓိကပြောချင်တာက ထီတိုက်ပါလို့ပြောချင်ပါတယ်။ထီလက်မှတ်မသိမ်းမိ၊ ထီမတိုက်မိရင် ထီပေါက်တဲ့အခါ နှမျောဖို့ အရမ်းကောင်းလို့ပါ’’ ဟု ဆင်ဟွာသို့ အောက်တိုဘာ ၂၉ ရက်တွင်ပြောသည်။

၂၀ ကြိမ်မြောက်တွင် COVID-19 ဒုတိယလှိုင်းကြောင့် ရောင်းမကုန် ထီလက်မှတ်များ ပြန်လည်ရှိလာခဲ့ခြင်းဖြစ် ကြောင်း၊ ၂၀ ကြိမ်မြောက်တွင် ရောင်းမကုန်ထီစာအုပ်ပေါင်း ၈၇,၇၁၉ အုပ်ကျန်ရှိခဲ့ပြီး ယခုလတွင် ရောင်းမကုန်ထီစာအုပ်ပိုမိုများပြားခဲ့ကြောင်း၄င်းက ဆိုသည်။

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၁ရက်တွင် ကျင်းပမည့် ၂၁ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်း ဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် ကဇ အထိ စုစုပေါင်း အက္ခရာ ၄၁ လုံး၊ ထီစာ အုပ်ပေါင်း ၃,၃၅၄,၅၃၈ အုပ်အားရောင်းချခဲ့သော်လည်း ထီစာအုပ် ၂,၇၈၇,၃၆၉အုပ်သာ ရောင်းချခဲ့ရသည့်အတွက် ထီရောင်းရငွေထဲမှ ၆၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ်သန်းပေါင်း ၁၆၇၂၄ဒဿမ၂၁၄ သန်းအားဆုကြေးငွေအဖြစ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အထူးဆုကြီးစနစ်တွင် ကျပ်သိန်းတစ်သောင်းငါးထောင် (၁)ဆု၊ ကျပ်သိန်းတစ်သောင်း (၁)ဆု၊ ကျပ်သိန်းငါးထောင် (၂)ဆု၊ ကျပ်သိန်းနှစ်ထောင် (၃)ဆု၊ ကျပ်သိန်းတစ်ထောင်(၄)ဆု ချီးမြှင့်မည်ဖြစ်ကြောင်း၊ ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ (၁၉)ဆု၊ကျပ်သိန်းနှစ်ရာ (၂၀)ဆု၊ကျပ်သိန်းတစ်ရာ (၂၂)ဆု၊ ကျပ်သိန်းငါးဆယ် (၂၅)ဆု၊ ကျပ်သိန်းနှစ်ဆယ် (၂၇)ဆု၊ ကျပ်ဆယ်သိန်း (၃၀) ဆုနှင့် ဝေဝေဆာဆာပဒေသာ ဆုမဲများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသောဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ အား တစ်ဆုချင်းဆုမဲကျပ် ၁၀ သိန်း (၄)ဆုနှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ်၃သိန်း (၂၀)ဆု၊ ကျပ်၂သိန်း (၂၀၀)ဆု၊ ကျပ် ၁ သိန်း (၂၀၀၀)ဆု စုစုပေါင်း ၂၂၂၄ ဆုအားချီးမြှင့်သွားမည်ဖြစ်ကြောင်း သိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.