Connect with us

Myanmar

၄၄ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲတွင် ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆုနှင့် ကျပ်သိန်း ၁၀၀ တစ်ဆုအပါအဝင် ဆုမဲပေါင်း ၇,၅၀၀ ကျော် ထုတ်ယူရန် ကျန်ရှိနေ

ရန်ကုန်မြို့တွင် အောင်ဘာလေထီကံစမ်းရန် ကြည့်ရှုနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

၄၄ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲတွင် ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆုနှင့် ကျပ်သိန်း ၁၀၀ တစ်ဆုအပါအဝင် ဆုမဲပေါင်း ၇,၅၀၀ ကျော် ထုတ်ယူရန် ကျန်ရှိနေသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၁၁ ရက်တွင်အီးမေးလ်မှတစ်ဆင့်ဖြေကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ထီကံစမ်းသူများအနက် အချို့သော ထီကံစမ်းသူများသည် မိမိထီကံစမ်းခဲ့သည့် ထီလက်မှတ်များအပေါ် သက်ဆိုင်ရာအကြိမ်စဉ်၏ ထီပေါက်စဉ်နှင့် ထီကံထူးမထူးအား တိုက်ဆိုင်စစ်ဆေးမှုမပြုလုပ်သည့် အခြေအနေများကြောင့်လည်းကောင်း၊ အချို့သော ထီကံစမ်းသူများသည် မိမိထီကံစမ်းခဲ့သည့် ထီလက်မှတ်မှာ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံး သို့မဟုတ် ပျက်စီးသည့် အခြေအနေများကြောင့်လည်းကောင်း ထီဆုငွေ မထုတ်ယူနိုင်ခဲ့သည့် အကြောင်းရင်းများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အီးမေးလ်မှတစ်ဆင့်ဖြေကြားခဲ့သည်။

ထီလက်မှတ်နောက်ကျောပါ စည်းကမ်းချက်အမှတ် (၁) တွင် ဆုလက်မှတ်တင်ပြနိုင်မှသာလျှင် ဆုငွေထုတ်ယူခွင့်ရှိကြောင်း စည်းကမ်းသတ်မှတ်ထားသည့်အတွက် ဆုရထီလက်မှတ်ပျောက်ဆုံးပါက အောင်ဘာလေ သိန်းဆုဌာနခွဲအနေဖြင့် ထီဆုငွေ ထုတ်ပေးနိုင်မည်မဟုတ်ကြောင်း ဖြေကြားချက်တွင် ပါရှိသည်။

၄၄ ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီတွင် လာရောက်ထုတ်ယူခြင်းမရှိသည့် အမြင့်ဆုံးထီဆုငွေမှာ ကျပ်သိန်း ၅၀၀ ဆုဖြစ်ကြောင်း သိရသည်။
အကြိမ်စဉ်အလိုက် ထီပေါက်စဉ်ထုတ်ပြန်ကြေညာသည့်နေ့မှ (၁) နှစ်ပြည့်မြောက်ချိန်တွင် လာရောက်ထုတ်ယူခြင်းမရှိသည့် ထီဆုငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း၍ အဆိုပါလ၏ ထီဖွင့်ပွဲအကြိမ်စဉ်တွင် ဘဏ္ဍာသိမ်းဆုငွေများအား ထီဆုမဲပြန်လည်ခွဲဝေချီးမြှင့်ကြောင်း သိရသည်။ ထိုသို့ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ထုတ်ဝေသည့် အကြိမ်စဉ်အလိုက် ထီပေါက်စဉ်တွင် ဘဏ္ဍာသိမ်းရငွေမှ ပြန်လည်ချီးမြှင့်သော ဆုမဲများအား သီးခြားဖော်ပြပေးလျက်ရှိကြောင်း ဖြေကြားချက်တွင် ပါရှိသည်။

ထီကံစမ်းယူကြသည့် ပြည်သူများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www.ird.gov.mm နှင့် လူမှုကွန်ယက်စာမျက်နှာတို့တွင် ထီပေါက်စဉ်များကို ကြည့်ရှုနိုင်ကြောင်း၊ အကြိမ်စဉ်အလိုက် အောင်ဘာလေ သိန်းဆုထီပေါက်စဉ်ကို ထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ထီဆုငွေများတင်ပြတောင်းခံနိုင်ကြောင်းနှင့် မိမိထီကံစမ်းခဲ့သည့် ထီလက်မှတ်များကို ပျောက်ဆုံး၊ ပျက်စီးမှုမရှိရန် ထိန်းသိမ်းရန် လိုအပ်ကြောင်း အီးမေးလ်ဖြင့် ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)