Connect with us

Politics, Law & Military

၇၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား နေပြည်တော်၌ ကျင်းပ

(၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအား မတ်လ ၂၇ ရက်တွင် နေပြည်တော်၌ ကျင်းပစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

(၇၈)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်ရှိ စစ်ရေးပြကွင်း၌ ယနေ့(မတ် ၂၇ ရက်)နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒို့တာဝန်အရေး(၃)ပါးကို အပြည့်အဝ အောင်မြင်စွာ ထိန်းသိမ်းစောင့်ရှောက်ရေး၊နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး တပ်မတော်၏ အဓိကတာဝန်များအား အလေးထားပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေခံ၍ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက်ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက် သွားမည် ဖြစ်ပြီး နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက် သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ EAOs မှ ခေါင်းဆောင်များကို ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ့်ငြိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေး အတွက် ညှိနှိုင်းဆွေးနွေးရန် ဖိတ်ကြားခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယင်းအခမ်းအနားတွင် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလ စစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်း အသီးသီးက စစ်ရေးပြကွင်းအတွင်း ချီတက်ခဲ့ကြသည်။

အဆိုပါ စစ်ရေးပြအခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အရာရှိ၊စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးအထူးတပ်ဖွဲ့ ဝင်များ၊ တပ်မတော်(ကြည်း) ယန္တရားတပ်ဖွဲ့ဝင်များ၊ တပ်မတော်(ရေ) ယန္တရားတပ်ဖွဲ့ ဝင်များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင် ပြသခဲ့ကြောင်း သိရသည်။(Xinhua)

#တပ်မတော်နေ့ #စစ်ရေးပြအခမ်းအနား #တပ်မတော်ကာကွယ်ရေးဦးစီးချုပ်