Connect with us

Politics, Law & Military

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမေရိကန်ဒေါ်လာ ၄၄၆သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိမူးယစ်ဆေးဝါး ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၆ ရက်တွင် ရန်ကုန်မြို့၌ မီးရှို့ဖျက်ဆီးစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိမ်းဆည်းရမိသော မူးယစ်ဆေးဝါး နှင့် ဓာတုပစ္စည်း တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄၄၆ သန်းကျော်ကို ယနေ့(ဇွန် ၂၆ ရက်)ကျရောက်သော (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မီးရှို့ဖျက်ဆီးခြင်း အခမ်းအနား၌ မီးရှို့ဖျက်ဆီး ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်း မီးရှို့ဖျက်ဆီးသည့် ခမ်းအနားများကို ဇွန် ၂၆ ရက်၊ မနက်ပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီး စသည့် မြို့ကြီး ၃ မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိမူးယစ်ဆေးဝါး ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၆ ရက်တွင် ရန်ကုန်မြို့၌ မီးရှို့ဖျက်ဆီးစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုအနေဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမျိုးအစား ၃၆မျိုး တန်ဖိုးအားဖြင့်
ကျပ် ၄၃၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၀၇ သန်းကျော်) ကို ရန်ကုန် မြို့၊ ဒဂုံဧရာ ကုန်တင်ယာဉ်ရပ်နားကွင်းမှာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့တွင် မူးယစ်ဆေးဝါးအမျိုးအစား ၃၄မျိုး တန်ဖိုးအားဖြင့် ကျပ် ၁၄၄ ဘီလီယံကျော်(အမေရိကန် ဒေါ်လာ ၆၉သန်းကျော်နှင့် တောင်ကြီးမြို့တွင် မူးယစ်ဆေးဝါးအမျိုးအစား ၇၅မျိုး တန်ဖိုးအားဖြင့် ၃၅ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၁၆၉ သန်းကျော်) မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာ စီမံချက် ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက်များရေးဆွဲကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ ယနေ့ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အမေရိကန်ဒေါ်လာ ၆၄၂ သန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် မီးရှို့ဖျက်ဆီးခဲ့သည်။ (Xinhua)