Connect with us

Politics, Law & Military

NCAစာချုပ်၌ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ လက်မှတ်ရေးထိုးမည်ဟု ထုတ်ပြန်


ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)စာချုပ်တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ မကြာခင် လက်မှတ်ရေးထိုးမည်ဟု ဇန်နဝါရီ ၂၃ရက်နေ့က အစိုးရနှင့် ပူးတွဲ သတင်းထုတ်ပြန်လိုက်သည်။

မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဋ္ဌ နိုင်ထောမွန် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကြာခွန်ဆာ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ နေပြည်တော်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံပြီးနောက် ပူးတွဲ သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) တွင်ပါဝင်လက်မှတ်ရေးထိုးမည့် ကိစ္စရပ်များနှင့် ဆက်လက်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေး ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ NCAစာချုပ်တွင် လက်မှတ်ရေးထိုးမည့် ပူးတွဲကြေညာချက်ထုတ်ခြင်း သတင်းစာရှင်းလင်းပွဲကျင်းပစဉ်(ဓာတ်ပုံ- အတိုင်ပင်ခံရုံး)

“မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကို ကြိုဆိုနိုင်တဲ့အတွက် အရမ်းဝမ်းသာပါတယ်၊ ငြိမ်းချမ်းရေးရဖို့ တစ်ဆင့်ဆင့်သွားရပါတယ်၊ အဆင့်တိုင်းက တန်ဖိုးရှိပါတယ်၊ ပြည်ထောင်စုတွင်း ငြိမ်းချမ်းရေးရဖို့နဲ့ ငြိမ်းချမ်းရေးကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသားညီကို မောင်နှမများ မွန်တိုင်းရင်းသားများ လားဟူတိုင်းရင်းသားများကို ကျေးဇူးတင်ပါတယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)၌ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU / KNLA-PC)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA)စသည့် တိုင်းရင်းသားလက်နက်ကိုင်များ လက်မှတ်ရေးထိုး ထားပြီးဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.