Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်စေရေး လုပ်ဆောင်နေကြောင်း NLD နာယက ဦးတင်ဦး ပြောကြား

၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော် လုပ်ထုံးလုပ်နည်းများ သင်ကြားပို့ချပေးသည့် သင်တန်းဆင်းပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦး၊ ပထမ အကြိမ် ပြည်သ့ူ လွှတ်တော် သက်တမ်းတွင် ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် သူရဦးရွှေမန်း နှင့် NLD မှ ဦးဝင်းထိန် (ယာ မှ ဝဲ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂ ရက် ( ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် သမ္မတ ဖြစ်စေရန် လုပ်ဆောင်နေကြောင်း NLD နာယက ဦးတင်ဦးက ယနေ့ ဖေဖော်ဝါရီ ၂ ရက် နေပြည်တော်၌ သတင်းမီဒီယာများ နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရမှာပေါ့။ သူ သမ္မတဖြစ်ဖို့အတွက် ကျွန်တော်တို့လုပ်နေတယ်။” ဟု NLD နာယက ဦးတင်ဦးက ယနေ့နေ့လယ်ပိုင်း အချိန်က လွှတ်တော်အတွင်း ဇမ္ဗူသီရိအဆောင်၌ ပြုလုပ်သော လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများ ပို့ချသည့် သင်တန်းဆင်းပွဲမှ ပြန်ထွက်လာစဉ် ပြောကြားခဲ့သည်။

ထိုသင်တန်းဆင်းပွဲသို့ ပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီးမှ သင်တန်းသား လွှတ်တော်အမတ် ၅၀ ဦး နှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၊ ပထမ အကြိမ် ပြည်သူ လွှတ်တော် သက်တမ်းတွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် သူရဦးရွှေမန်း ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် တို့နှင့် အတူ NLD မှ နာယက ဦးတင်ဦး၊ ဦးဝင်းထိန် ၊ ဒေါက်တာဇော်မြင့်မောင် နှင့် ရခိုင် အမျိုးသား ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအေးသာအောင် စသည့် ဖိတ်ကြားထားသူများ တတ်ရောက်ခဲ့ကြသည်။ (Xinhua)