Connect with us

Politics, Law & Military

အတိတ်ကိုပြန်လည် အသက်မသွင်းရန် UPDJC ဒုတိယဥက္ကဋ္ဌပြောကြား

UPDJC အစည်းအဝေးကို NRPC ၌ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများအား ဖြေရှင်းရာတွင် ပြစ်တင်ခြင်း၊ ဝေဖန်ခြင်းတို့သည် ပဋိပက္ခများအား ပြေလညအောင် ဆောင်ရွက်ရာ၌ အထောက်အကူမဖြစ်ကြောင်း UPDJC ဒုတိယ ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေက ယနေ့နံနက် ပြောကြားခဲ့သည်။

UPDJC သည် ပြဿနာများကို ဖန်တီးရန် မဟုတ်ဘဲ ပြဿနာများကို ပြေလည်အောင် ကြိုးပမ်းနေ သည့် အဖွဲ့အစည်းသာ ဖြစ်ကြောင်း၊ အတိတ်ကို ပြန်ပြီး အသက်သွင်းနေကြလျှင် အတိတ်၏ အရိပ် အောက်မှာပဲ ရောက်နေမှာ ဖြစ်သောကြောင့် UPDJC ခန်းမထဲကို ဝင်ရောက်လာသည့် အချိန်မှာ အတိတ် သင်ခန်းစာ ယူပြီး အနာဂတ်ကို မျက်နှာမူကြပါရန် မေတ္တာရပ်ခံလိုကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသော နိုင်ငံရေး စိတ်ရင်း ဆန္ဒကို အခြေခံပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ချဉ်းကပ်ကြဖို့ လိုအပ်ကြောင်း၊ မတူညီ ကွဲပြားသော နိုင်ငံရေး ခံယူချက်များ ရှိကြသည့် မိမိအားလုံး၏ လိုလားချက်မှာ အနာဂတ်၌ ထွက်ပေါ်လာမည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ကြောင်း၊ ထို ပြည်ထောင်စုကို မည်သို့ တည်ဆောက်မည်၊ မည်သို့ ပြည်ထောင် စုမျိုး ဖြစ်စေချင်သည် … ဆိုသည်ကိုလည်း အစုအဖွဲ့ အသီးသီးမှာ စိတ်ကူးပုံဖော်ထားကြသည်များ ရှိသော်လည်း တစ်ထပ်တည်းတော့ ကျမှာ မဟုတ်ကြောင်း၊ ကွဲပြားမှုများထဲကနေ တူညီမှုတွေကို ရှာပြီးဘုံ သဘောတူညီချက်များ ချမှတ်ကြရမှာ ဖြစ်ကြောင်း လည်း ဦးကျော်တင့်ဆွေက ပြောခဲ့သည်။

ယနေ့ကျင်းပသည့် UPDJC အစည်းအဝေးသည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေးအတွက် ပြင်ဆင်နေသည့် အစည်းအဝေးဖြစ်ပြီး လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် လုပ်ငန်းကော်မတီအသီးသီးက တင်ပြလာသော တင်ပြချက်များ၊ အဆိုပြုလွှာများတို့ကို စီစစ်ပြီး ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တင်သွင်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရသော အစည်းအဝေး ဖြစ်ကြောင်းလည်း UPDJC ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ် သည့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

ထို့နောက် UPDJC ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်သည့် နိုင်ငံရေး ပါတီများ အဖွဲ့ ကိုယ်စား ဦးသုဝေက အမှာစကားများ ပြောကြားပြီး အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြရာ ယခင် သီတင်းပတ်က MICC II တွင် ပြုလုပ်ခဲ့သော လုပ်ငန်းကော်မတီ အစည်းအဝေးများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေး ဟူသည့် ကဏ္ဍ ငါးရပ် ဆွေးနွေးမှုများမှ တင်ပြလာသော မူဝါဒ၊ စာတမ်းများကို ဆက်လက် ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.