Connect with us

Science & Technology

အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအထူးအစည်းအဝေးကျင်းပ

အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအထူးအစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ--လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအထူးအစည်းအဝေးနှင့် (၁၉)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဗဟိုဌာနအုပ်ချုပ်မှုကောင်စီအစည်းအဝေး တွင် အာဆီယံဒေသတွင်း စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၁၆-၂၀၂၅ ၏ ပထမအဆင့် ၂၀၁၆-၂၀၂၀ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များမှ ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအား ဇန်နဝါရီ ၂၄ ရက်မှ ၂၅ ရက်အထိ ညှိနှိုင်းဆွေးနွေး အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

၎င်းအစည်းအဝေးတွင် အာဆီယံစီးပွားရေး အသိုက်အဝန်း AEC နှင့် ဆက်စပ်လျက်ရှိသည့် အာဆီယံ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအစီအမံ APAEC စီမံကိန်းဧရိယာ (၇)ခုဖြစ်သော အာဆီယံ မဟာဓာတ်အားလိုင်းစနစ်၊ အာဆီယံနယ်စပ်ဖြတ်ကျော် ဓာတ်ငွေ့ပိုက်လိုင်းဆက်သွယ်မှု၊ ကျောက်မီးသွေးနှင့် သန့်စင်သောကျောက်မီးသွေး သုံးစွဲမှုနည်းပညာ၊ စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေးကဏ္ဍခွဲ၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍခွဲ၊ ဒေသတွင်း စွမ်းအင် မူဝါဒနှင့် စီမံရေးကဏ္ဍခွဲ၊ မြို့ပြနျူကလီးယားစွမ်းအင်ကဏ္ဍခွဲတို့မှ ဒေသတွင်းစွမ်းအင်ဖူလုံမှု၊ သန့်စင်သောစွမ်းအင်သုံးစွဲမှုတို့ တိုးတက်စေနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေး အတည်ပြုခြင်း၊ အာဆီယံဒေသသာမက အာဆီယံနှင့်မိတ်ဖက်နိုင်ငံများအတွင်း စွမ်းအင်ဈေးကွက် ကျယ်ပြန့်စွာချဲ့ထွင်နိုင်စေရေးအတွက် စွမ်းအင်ဆိုင်ရာနည်းပညာများဖလှယ်နိုင်ရန် အလေးထား ဆောင်ရွက်သွားကြမည့်အပြင် တစ်ကမ္ဘာလုံးက အလေးထားဆောင်ရွက်လျက်ရှိသည့် ရာသီဥတု ပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုဆိုင်ရာကိစ္စရပ်များကိုလည်း အလေးထားထည့်သွင်းစဉ်းစား လိုက်နာဆောင်ရွက်သွားကြရန်နှင့် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့် ဆောင်ရွက်သွားရန်အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အာဆီယံစွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအထူးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ စွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး နှင့် အာဆီယံစွမ်းအင်ဗဟိုဌာနတို့မှတာဝန်ရှိသူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.