Connect with us

Social

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ၂၀၂၁ ခုနှစ်တွင်  လျှပ်စစ်ဓာတ်အားသုံးစွဲနှိုင်မှုကို တစ်နိုင်ငံလုံး၏  ၅၅ ရာခိုင်နှုန်း သုံးစွဲနိုင်ရန် ဆောင်ရွက်လျက်ရှိ 

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်နေမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) 

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ၂၀၂၁ ခုနှစ်တွင်  လျှပ်စစ်ဓာတ်အားသုံးစွဲနှိုင်မှုကိုတစ်နိုင်ငံလုံး၏  ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင်  တစ်နိုင်ငံလုံးရဲ့ ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ် တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲနိုင်အောင် မျှော်မှန်း၍  စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးအောင်ကျော်ထူးက ဆိုသည်။

၎င်းက “မီးအားတက်လိုက် ကျလိုက် တွေ မဖြစ်ရအောင်လည်းကြိုးစားနေပါတယ်။ နွေရာသီ မှာ မီးပျက်ပြီး မိုးရာသီမှာ မီးလာ မှာလား၊ မီးအားကျတာတွေ မရှိဘဲ မီးအားတည်တည်ငြိမ်ငြိမ်ရဖို့အတွက်၂၀၃၀ ပြည့်နှစ် ကိုTarget ထားပြီး တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေပါတယ်’’ ယနေ့ မေ ၁၃ ရက်တွင်  ဆင်ဟွာသို့ပြောကြားခဲ့သည်။ 

၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုအနေဖြင့် တစ်နိုင်ငံလုံး ၏ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။  လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် ၂၀၁၆ ခုနှစ် ဧပြီ မှ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသုံးရုံ၊ အပူစွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံ ခြောက်ရုံနှင့်  နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ရုံ စုစုပေါင်းစက်ရုံ ၁၀ ခုမှ လျှပ်စစ် ဓာတ်အား ၉၀၄ မဂ္ဂါဝပ်အထိ တိုးတက် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီးများနှင့်  ပြည်နယ်အသီးသီးတွင်  ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ပေးလျက်ရှိပြီး ၂၃၀ ကေဗွီဓာတ်အားလိုင်း ၂,၉၀၆ မိုင်၊ ၁၃၂ ကေဗွီဓာတ်အားလိုင်း ၁,၃၆၂ မိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း၅,၁၁၅ မိုင်၊ ၃၃ ကေဗွီဓာတ်အားလိုင်း ၇,၀၇၃ မိုင်၊ ၁၁ ကေဗွီ  ဓာတ်အားလိုင်း ၂၀,၉၈၇ မိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၇၃၄ မိုင်နဲ့ ဝ ဒသမ ၄ ကေဗွီ ဓာတ်အားလိုင်း ၂၄,၅၁၅ မိုင် စုစုပေါင်း ဓာတ်အားလိုင်း ၆၂,၆၉၂ မိုင်ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ 

“ဓာတ်အားလိုင်းတွေကို တိုးတက်ဆောင် ရွက်ပေးခဲ့သလို ဓာတ်အားခွဲရုံတွေကိုလည်း တိုးချဲ့ တည်ဆောက်ပေးခဲ့ပါတယ်။ ယခုအချိန် အထိ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံတွေအနေနဲ့ ၆၅၃၆ အမ်ဗွီအေ၊ ၁၃၂ ကေဗွီဓာတ်အား ခွဲရုံတွေအနေနဲ့ ၂၀၃၆ အမ်ဗွီအေ၊ ၆၆ ကေဗွီဓာတ်အားခွဲရုံတွေ အနေနဲ့ ၅၆၈၈ အမ်ဗွီအေ၊  ၃၃ ကေဗွီဓာတ်အားခွဲရုံတွေအနေနဲ့ ၈၃၈၇ အမ်ဗွီအေ၊ ၁၁ ကေဗွီ ဓာတ်အားခွဲရုံတွေအနေ နဲ့ ၁၅၀ဝ၂ အမ်ဗွီအေနဲ့ ၆ ဒသမ ၆ ကေဗွီ ဓာတ်အားခွဲရုံ တွေအနေနဲ့ ၈၃ အမ်ဗွီအေ စုစုပေါင်း ၃၇၇၂ အမ်ဗွီအေကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး ကျေးရွာပေါင်း ၈,၀၀၀ နှင့် အိမ်ထောင်စုပေါင်း ၇၀ဝ,ဝဝ၀ ကျော်ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်နေကြောင်း နှင့် ကျေးရွာဒေသများတွင် လျှပ်စစ်ဓာတ်အားတိုးတက်ရရှိနိုင်ရေးအတွက် National Electrification Plan ဖြင့် 33, 11, 0.4 kV ဓာတ်အား လိုင်းခွဲရုံများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)