Connect with us

Social

ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားကိစ္စ ထိုင်းအစိုးရထုတ်ပြန်

ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားကိစ္စ ထိုင်းအစိုးရထုတ်ပြန်ချက်အား မြန်မာဘာသာပြန်ဆိုထားမှုအားတွေ့ရစဉ် ( ဓာတ်ပုံ--မှုးဇော်ဖေ့ဘွတ်)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

၂၃-၂-၂၀၁၆ ရက်နေ့တွင် ပြုလုပ်သော ထိုင်းနိုင်ငံအစိုးရဝန်ကြီးများ အစည်းအဝေးမှ ၂၀၁၆ ခုနှစ် မြန်မာ၊ လာအို၊ ကမ္ဘေဒီးယား ရွှေ့ပြောင်းအလုပ်သမားရေးရာစီမံအုပ်ချုပ်မှုနှင့်ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနမှတင်ပြထားသော အောက်ပါအချက်များကို အတည်ပြုဆုံးဖြတ်ပေးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး (ဗန်ကောက်) မှ သတင်းထုတ်ပြန်သည်။

၃၁-၃-၂၀၁၆ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော မြန်မာ၊ လာအို ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းနိုင်ငံတွင်းဆက်လက်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ကို ၃၁-၇-၂၀၁၈ အထိ သက်တမ်း(၂)နှစ်ရရှိရန်အတွက် ပန်းရောင်ကဒ် ကိုင်ဆောင်သူများအုပ်စု နှင့် မိခင်နိုင်ငံမှ အထောက်အထားထုတ်ပေးထားသောအုပ်စုဟူ၍ အုပ်စု(၂)ခုခွဲကာ ၁-၄-၂၀၁၆ ရက်နေ့မှ ၂၉-၇-၂၀၁၆ ရက်နေ့အတွင်း သက်ဆိုင်ရာသို့ သတင်းပို့ရန်၊(ပန်းရောင်ကဒ်နှင့် ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ ဧပြီလ ၁ ရက်နေ့မှစပြီး ဇူလိုင်လ ၂၉ ရက်နေ့အထိ လူသစ်အနေဖြင့် မှတ်ပုံတင် စာရင်းသွင်းနိုင်သည်။ ၎င်းပန်းရောင်ကဒ်အသစ်၏ သက်တမ်းကို(၂)နှစ်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ထိုင်းနိုင်ငံအတွင်းယာယီနေထိုင်ခွင့်ပြုထားသော အဆိုပါ(မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား) ရွှေ့ပြောင်းအလုပ်သမားများကို တစ်ကြိမ်လျှင်သက်တမ်း(၂)နှစ်ဖြင့် (၄)ကြိမ်အထိ သက်တမ်းတိုးနိုင်ပြီး မိခင်နိုင်ငံပြန်စရာမလိုပဲ (၈)နှစ်ထိဆက်တိုက်နေထိုင်ခွင့်ပြုမည်။ (သက်တမ်း(၂)နှစ်ရှိသော ၎င်းပန်းရောင်ကဒ်အသစ်ကိုင်ဆောင်ထားသူများသည် တစ်ကြိမ်လျှင် (၂)နှစ်ဖြင့် သက်တမ်း(၄)ကြိမ်တိုးနိုင်ပြီး ထိုင်းနိုင်ငံအတွင်း စုစုပေါင်း(၈)နှစ်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

အလုပ်သမားရှာဖွေရေးဌာန (Department of Employment) လက်အောက်ရှိ ရွှေ့ပြောင်းအလုပ်သမားရေးရာဌာန(Office of Foreign Worker Administration) ကို အလုပ်သမားရေးရာစီမံခန့်ခွဲရေးကော်မတီ၏ အတွင်းရေးမှူးရုံးအဖြစ် (ဦးစီးဌာနနှင့်ညီမျှသောဌာနတစ်ခုအဖြစ်) အဆင့်မြှင့်တင်ရန်၊ (DOE. ဟုခေါ်သော ကရုမ်းကျတ်ဟာငန်း (အလုပ်သမားရှာဖွေရေးဦးစီးဌာန)လက်အောက်တွင် ဆမ်နက်ဘောရိဟန်လိုင်းငန်းတန်ဒေါက် ဟုခေါ်သော ရွှေ့ပြောင်းအလုပ်သမားကိစ္စများဆောင်ရွက်နေသည့် ဌာနခွဲတစ်ခုရှိပါသည်။ ရွှေ့ပြောင်းအလုပ်သမားကိစ္စများအားလုံးကို ၎င်းဌာနခွဲတစ်ခုတည်းမှဆောင်ရွက်နိုင်ရန် ဦးစီးဌာနအဖြစ် အဆင့်မြှင့်တင်ရန်ဖြစ်သည်။) ဟု သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ပင်လယ်ရေသတ္တဝါကုန်ချောလုပ်ငန်း” ဆိုသည့်စကားရပ်အောက်တွင် ငါးနှင့်အခြားရေသတ္တဝါများအမျိုးအစားခွဲခြင်းလုပ်ငန်းကိုလည်းအကျုံးဝင်စေရန်၊ရွှေ့ပြောင်းအလုပ်သမားများအတွက် ယခင်က နေထိုင်ခွင့်(ပန်းရောင်ကဒ်)နှင့် အလုပ်လုပ်ကိုင်ခွင့် (ဝပ်ပါမစ်) လက်မှတ် (၂)မျိုးကိုကိုင်ဆောင်စေရာမှ ယခုအခါ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် တစ်ပေါင်းတည်းပါဝင်သော ပန်းရောင်ကဒ်ကို ထုတ်ပေးစေရန် ဝန်ကြီးဌာနမှဥပဒေကဲ့သို့အတည်ဖြစ်သော ကြေညာချက်ထုတ်ပြန်ရန်၊(ယခင်ကပန်းရောင်ကဒ်မှာယာယီနေထိုင်ခွင့်သာဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်သီးသန့်လျှောက်ရပါသည်။ ယခုအသစ်မှတ်ပုံတင်ထုတ်ပေးမည့် ပန်းရောင်ကဒ်တွင်(၂)မျိုးစလုံးခွင့်ပြုမည်ဖြစ်သည်။) ဟုသိရသည်။

“ငယ်စာရင်းပုံစံ ၃၈/၁” ဟုဆိုနိုင်မည်ဖြစ်ပြီး ဂဏန်း(၁၃)လုံးပါဝင်သော ထိုင်းနိုင်ငံမှတ်ပုံတင်အမျိုးအစားတစ်ခုဖြစ်ပါသည်။ တည်ဆဲဥပဒေအရ ၎င်းမှတ်ပုံတင် ကိုင်ဆောင်ထားသောသူသည် သက်ညှာသောအားဖြင့် ထိုင်းနိုင်ငံတွင်ယာယီနေထိုင်ခွင့်ပြုထားခြင်းဖြစ်ပြီး အချိန်မရွေးမိခင်နိုင်ငံပြန်ပို့နိုင်ကြောင်း ပြဌာန်းထားပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ တရားဝင်သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ကာ အလည်ဗီဇာဖြင့်ဝင်ရောက်လာသူများအတွက် ကိုင်ဆောင်ခွင့်မရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.