Connect with us

Social

နိုင်ငံတစ်ဝန်း ဆန်စပါး စားသုံးမှု စစ်တမ်း ကောက်ယူမည်

ရိတ်သိမ်းပြီးသော စပါးစေ့များအား နေလှန်း၍ အခြောက်ခံ ခြွေလှေ့ နေသော လယ်သူမတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုနှင့် နေပြည်တော် ကောင်စီ နယ်မြေတို့တွင် ဆန်စပါးစားသုံးမှု စစ်တမ်းအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်း
နှင့် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် တို့ပူးပေါင်း၍ ကောက်ယူသွားမည်ဖြစ်ကြောင်း MRF မှ ယနေ့မတ် ၂၆ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၌ ဆန်စားသုံးမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် စစ်တမ်း မကောက်သည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီး ယခုဆောင်ရွက်မည့် စားသုံးမှု စစ်တမ်းတွင် နမှုနာ အရေအတွက် မိသားစု ၄၀၀၀ ကျော်ကို မေးမြန်းခြင်းဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး တိုင်းဒေသကြီး ၊ ပြည်နယ် ၁၄ ခု နှင့် နေပြည်တော်ကောင်စီ တို့ရှိ ကျေးလက်မိသားစုများ၊ မြို့ပေါ်မိသားစုများ၊ ကျေးလက်နေ အလုပ်သမားများ အပါအဝင် တောင်သူ လယ်သမား မိသားစုများကိုပါ စစ်တမ်းကောက်ယူမည် ဖြစ်ကြောင်း သိရသည်။

ဆန်စပါးစားသုံးမှုပေါ် စစ်တမ်းကောက်ယူမှုကြောင့် ကျေးလက် အိမ်ထောင်စု ၊ မြို့ပေါ် မိသားစု များတွင် စားသုံးမှုပမာဏ၊ ဆန်အမျိုးအစား အလိုက် ရွေးချယ် စားသုံးမှု ၊မိသားစုဝင်ငွေ အနေအထား နှင့် ဆန်စားသုံးမှ ုဆက်စပ်မှု စသည့် အချက်များကို ခိုင်ခိုင်မာမာ သိရှိနိုင်မည် ဖြစ်သည့် အပြင် စားသုံးသူ တို့၏ ဝယ်လိုအား ၊ အလေ့အထ အပြုအမူ ၊ ကြိုက်နှစ်သက်မှု ၊ ရွေးချယ်မှု တို့ကို သိရှိ ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆန်စပါး စားသုံးမှု ကို တိတိကျကျ သိရှိပါက ပြည်တွင်းစားသုံးမှု ၊ ပိုလျှံမှု ၊ ပြည်ပတင်ပို့နိုင်မှု စသည့် အရေးကြီးသည့် ကိန်းဂဏန်း အချက်အလက် များကို သိရှိနိုင်မည် ဖြစ်၍ မူဝါဒ ရေးဆွဲသူများ၊ သုတေသန ပြုလုပ်သူများ ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ရင်းနှီးမြုပ်နှံသူများ အပါအဝင် တောင်သူ လယ်သမား ၊ ဆန်စက်ပိုင်နှင့် ဆန်ကုန်သည်များ အားလုံးအတွက် အကျိုးပြု နိုင်မည် ဖြစ်ပြီး ဆန်စပါးဆိုင်ရာ မူဝါဒ များ မဟာဗျူဟာများ ချမှတ်ရာတွင် တိကျသည့် အခြေခံ အချက်အလက်အဖြစ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)