Connect with us

Social

နိုင်ငံတော် သမ္မတ ၊ ဒုတိယ သမ္မတများ ၊ လွှတ်တော် ဥက္ကဋ္ဌများ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားများ အသီးသီး ပြောကြား

နိုင်ငံတော် သမ္မတ ဦးထင်ကျော်က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဓာတ်ပုံ- The Mirror Daily)

ရန်ကုန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် နှစ်သစ် အခါသယမတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့က နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ တာဝန်ယူ ခဲ့သည့် အချိန်မှ စပြီး တိုင်းပြည် အကျိုး အတွက် ရည်ရွယ် ချမှတ် ထားသည့် မူဝါဒများ ဖြစ်သည့် ပြည်တွင်း ငြိမ်းချမ်းရေး ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေး၊ ပြည်သူများ၏ လူမှုစီးပွား ဘဝများ မြင့်မား တိုးတက်ရေး တို့အတွက် တစ်စိုက် မတ်မတ် အလေးထား ကြိုးပမ်း အားထုတ်ခဲ့ရာ အတိုင်းအတာ တစ်ခု အထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှား နိုင်ရန် ပြည်သူ တစ်ရပ်လုံးက အားအင်အပြည့်ဖြင့် တက်ကြွစွာ ပူးပေါင်း ပါဝင်ကြရန် အလေးအနက် တိုက်တွန်းခဲ့သည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေက နှစ်သစ်တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မျှော်လင့် တောင့်တ နေသည့် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ အမြန်ဆုံး ရရှိအောင် ညီညီညွတ်ညွတ် ကြိုးပမ်း ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုကြောင်း ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဓာတ်ပုံ- The Mirror Daily)

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဓာတ်ပုံ- The Mirror Daily)

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဓာတ်ပုံ- The Mirror Daily)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဓာတ်ပုံ- The Mirror Daily)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဓာတ်ပုံ- The Mirror Daily)

ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ရာတွင် နှစ်ဟောင်းက အတွေ့အကြုံများကို သင်ခန်းစာယူပြီး နှစ်သစ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်များ ပိုမို ချော မွေ့ လျင်မြန်စွာ ပြီးမြောက်စေရန် ညီညွတ်ရေးကို အရင်းခံသော စိတ်သစ်လူသစ်များဖြင့် ဆက်လက် ကြိုးပမ်းသွားကြရမည် ဖြစ်ကြောင်း ၊ စည်းလုံး ညီညွတ်ပြီး အသိပညာ စွမ်းအား ၊ စိတ်ဓာတ် စွမ်းအားများ နှင့် အားထုတ် ကြိုးပမ်းကြမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ စတင်သော ၂၀၁၈ ခုနှစ်တွင် မိဘပြည်သူများ၏ လူမှုစီးပွား ဘဝများ တိုးတက် ကောင်းမွန်မြင့်မားစေရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက လိုအပ်ချက် တစ်ရပ် ဖြစ်သည့် ငြိမ်းချမ်းမှု တည်ဆောက် နိုင်ရေး တို့အတွက် နိုင်ငံသူနိုင်ငံသား အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင်ဖြင့် တစ်စိတ်တည်း တစ်ဝမ်းတည်း ကျော်လွန်ဖြတ်သန်းကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်နှင့်တကွ နိုင်ငံသူနိုင်ငံသားများ အကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှု ဟူသမျှတွင် ပြည်သူပါမှ အောင်မြင်မှုရမည် ဖြစ်သည့် အတွက် တစ်ခဲနက်သော အင်အားများနှင့် ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းရင်း ကောင်းကျိုး လိုရာ ဆန္ဒ အဝဝတို့ ပြည့်စုံ ကြပါစေကြောင်း ဆုတောင်းစကား ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့အချိန်အခါသည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသော အချိန်ကာလလည်း ဖြစ်ကြောင်း ၊ တိုင်းရင်းသားများ အားလုံး လိုလား တောင့်တနေသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်နိုင်ရန် အထူး ကြိုးပမ်းလျက်လည်း ရှိကြောင်း ၊ ထိုလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန် ဒီမိုကရေစီကျင့်စဉ်များ၊ ပြည်ထောင်စု စိတ်ဓာတ်များ ပွားများကြရန် အထူးလိုအပ်လှကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများ အားလုံး မျှော်လင့် တောင့်တနေသည့် တူညီသော ရည်မှန်းချက် ပန်းတိုင်ဖြစ်သော ချမ်းသာ ကြွယ်ဝပြီး ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ဒီမိုကရေစီ စံနှုန်းများ နှင့် အညီ လျှောက်လှမ်း တည်ဆောက် နေသည့် ယခုလို အချိန်ကာလတွင် ငြိမ်းချမ်းရေးသည် အဓိက ကျပြီး ငြိမ်းချမ်းမှု ရှိမှသာလျှင် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုကြီးအတွင်း လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းပြီး မေတ္တာ နှင့်ယှဉ်သော ထာဝရငြိမ်းချမ်းရေးကြီးကို အမြန်ဆုံးရရှိနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုင်းတွင် တိုင်းရင်းသားပြည်သူအားလုံး ကျရာ အခန်းကဏ္ဍမှ အတူတကွ စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် တွဲလက် မဖြုတ်စတမ်း ကြိုးပမ်းဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၇ ခုနှစ် ကုန်ဆုံးခဲ့ပြီ ဖြစ်၍ တစ်နှစ်တာအတွင်း ရင်ဆိုင်ဖြတ်သန်းခဲ့ရသည့် ကိစ္စရပ် များစွာ ရှိကြောင်း ၊ အောင်မြင်သည့် လုပ်ငန်းရပ်များ ရှိသကဲ့သို့ရင်ဆိုင်ကျော်လွှားခဲ့ရသည့် လုပ်ငန်းရပ်များလည်း ရှိကြောင်း ၊ ယင်းတို့အား သင်ခန်းစာ ရယူ၍ ပိုပြီးကောင်းအောင် လုပ်ဆောင်သွားမည် ဆိုပါက တိုးတက် အောင်မြင်မှုများ မလွဲမသွေရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့သည် နိုင်ငံ လွတ်လပ်ရေးရသည်မှာ နှစ်ပေါင်း ၇၀ ရှိခဲ့ပြီးဖြစ်ကြောင်း ၊ ဖြတ်သန်းလာခဲ့သော သမိုင်းတစ်လျှောက် ပြန်ကြည့်မည် ဆိုပါက ပထမအချက် အနေဖြင့် နိုင်ငံတော် အေးချမ်းသာယာရေး ၊ ဒုတိယအချက်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ၊ တတိယ အချက် အနေဖြင့် နိုင်ငံတော် စည်းလုံး ညီညွတ်ရေး သုံးချက်သည် ပြည်သူပြည်သား အားလုံး စုစည်း ညီညွတ်စွာဖြင့် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းရပ် ဖြစ်သည် ဆိုတာ တွေ့ရလိမ့်မည် ဖြစ်ကြောင်း ၊ လူတိုင်းသည် ၎င်းတို့၏ လူမှု စီးပွားဘ၀ တိုးတက်ရန် အတွက် လိုလားချက် ရှိကြကြောင်း ၊ တပ်မတော်အနေဖြင့် ထိုလုပ်ငန်းရပ်များ အားလုံး အောင်မြင်အောင် ကူညီ ဆောင်ရွက် သွားမည် ဆိုသည်ကို အပြည့်အ၀ ဆန္ဒပြု ပြောကြားလိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)