Connect with us

Social

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို ၏ ၆၇ နှစ်ပြည့်မွေးနေ့ပွဲ ကို အောက်တိုဘာ ၂၅ ရက်တွင်ကျင်းပမည်

၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သော ဆင်မကြီးမိုမို၏ ၆၆ နှစ်ပြည့်မွေးနေ့ပွဲ အားတွေ့ရစဉ် (ဓာတ်ပုံ-- Yangon Zoo)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို ၏ ၆၇ နှစ်ပြည့်မွေးနေ့ပွဲ ကို အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ သီးနှံမျိုးစုံဘူဖေးကျွေး၍ ကျင်းပမည်ဖြစ်ကြောင်း၊ ပြည်သူများမှ မွေးနေ့ဆုတောင်းများပြောကြားနိုင်ရန် Yangon Zoo ၏ Facebook စာမျက်နှာတွင် မွေးနေ့ပွဲကိုပြသသွားမည် ဖြစ်ကြောင်း Htoo Zoos and Gardens Business Unit မှ CEO ဒေါ်ကြည်ဖြူဇော်က ဆင်ဟွာသို့ အောက်တိုဘာ ၂၄ ရက်တွင်ပြောသည်။

“ဆင်မကြီးမိုမိုက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၆၁ ခုနှစ် ခန့်မှန်းအသက် ၇ နှစ်အရွယ်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ ဒီလာမယ့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၅ရက်နေ့မှာ ပြည်သူ့အချစ်တော်ဆင်မကြီး မိုမို ၆၇ နှစ်ပြည့်မှာဖြစ်ပါတယ်။ ၂၀၁၀ပြည့်နှစ်ကနေစပြီး မိုမိုမွေးနေ့ကို ကျင်းပခဲ့တာပါ။ နှစ်တိုင်းစည်စည်ကားကားကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ COVID-19 ကာလဖြစ်နေတဲ့ အတွက် ပြင်ပလည်ပတ်သူတွေနဲ့ မကျင်းပတော့ဘဲ ကျွန်မတို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ဝန်ထမ်းများနဲ့ပဲ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းများနဲ့အညီကျင်းပသွားမှာဖြစ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

၆၇ နှစ်ပြည့် ပြည်သူ့အချစ်တော်ဆင်မကြီးမိုမို၏ မွေးနေ့တွင် ကိတ်မုန့်ခွဲခြင်း၊ ဖယောင်းတိုင်မှုတ်၍ မိုမို၏ အပေါင်းအသင်း အခြားဆင်များနှင့် ပျော်ပျော်ပါးပါးစားသောက်နိုင်မည့် အသီးအနှံများစီစဉ်ထားကြောင်းနှင့် မိုမိုအတွက် မွေးနေ့ဆုတောင်းစကားများပြောကြားပေးမည့် အစီအစဉ်များပါဝင်ကြောင်း သိရသည်။

“ပြည်သူ့အချစ်တော်ဆင်မကြီးမိုမို ကို သူ့ရဲ့စိတ်အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ အသက်အရွယ်အရ ပေါ်လာတဲ့ ဇရာလက္ခဏာတွေကို အမြဲမပြတ်ဂရုစိုက်ပေးနေပါတယ်။ မိုမိုရဲ့ကျန်းမာရေး အခြေအနေကကောင်းမွန်နေပါတယ်’’ ဟု၎င်းကဆက်ပြောသည်။

ပြည်သူ့အချစ်တော်ဆင်မကြီးမိုမို ကို ၁၉၆၁ ခုနှစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့မှ ဦးခွန်ဆန္ဒ အမည်ရှိသော သစ်လုပ်ငန်းလုပ်ကိုင်သူက တောထဲတွင် ဆင်ပေါက်လေးတစ်ကောင်တည်း လျှောက်သွားနေသည်ကို တွေ့ရှိခဲ့သောကြောင့် အန္တရာယ်များသည့်အတွက် ၎င်း၏အိမ်သို့ခေါ်ဆောင်လာခဲ့ကာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် သို့ပို့ဆောင်ရန် ဆုံးဖြတ်၍ သစ်တင်ကားနှင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ၁၉၆၁ခုနှစ်တွင် ပို့ဆောင်ခဲ့ကြောင်း၊ ဆင်မလေး ၏နာမည်အား ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှတာဝန်ရှိသူများက လာရောက်ပို့ဆောင်သူအားနာမည် ပေးခိုင်းသည့်အခါ ၎င်း၏ ဇနီးနှင့်နာမည်ဆင်တူ အမှတ်တရအဖြစ် မိုမို ဟုအမည်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုမိုသည် တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ်သူများအား ပျော်ရွှင်စေရန် ဖျော်ဖြေခဲ့ပြီး နိုင်ငံတော်၏ အထင်ကရပွဲများတွင်လည်း စွယ်တော်အားသယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြည်သူ့အချစ်တော်မိုမိုသည် ယခုအချိန်တွင်ဖျော်ဖြေခြင်းလုပ်ငန်းများမှ အနားယူခဲ့သော်လည်း တိရစ္ဆာန်ဥယျာဉ်တွင်ရှိသည့် ဆင်ပေါက်ကလေးများအား ထိန်းကျောင်းပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ကျေးငှက် ဟူ၍ ၃မျိုးပြသထားကြောင်း၊ ဥယျာဉ်တစ်ခုလုံးတွင် တိရစ္ဆာန်စုစုပေါင်း ၁၄၂၇ ကောင်ခန့် နှင့်မျိုးစိတ်ပေါင်း ၁၃၈မျိုးစိတ် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.