Connect with us

Social

ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များဖွဲ့ရန် မြို့နယ် သုံးရာခန့်ကျန်ရှိ

ရန်ကုန် တိုင်းဒေသကြီးရှိ မြို့နယ်တစ်ခုတွင် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၅ ရက် (ဆင်ဟွာ)

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် လုပ်ငန်းများ ဆောင်ရွက်ခွင့်နှင့် ရန်ပုံငွေ သုံးစွဲခွင့် ရရှိရေးအတွက် မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များ ဖွဲ့စည်းပြီးမှု အခြေအနေအား ၂၈ မြို့နယ်ကသာ ပြည်ထောင်စု လွှတ်တော်ရုံးသို့ ပေးပို့ ခဲ့သဖြင့် ကျန်နေသည့် ၂၉၅ မြို့နယ်က ဖွဲ့စည်းပြီးမှု အခြေအနေအသီးသီးကို ပေးပို့ဆောင်ရွက်ကြရန် ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်က ယနေ့နေ့စွဲဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့အား အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း တစ်ထောင် နှစ်စဉ် ရရှိသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို အသုံးပြုနိုင်ရန် မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည် ဖော်ရေး အဖွဲ့များ ဖွဲ့စည်းခြင်း၊ SFA(OA) / RFA (OA) စာရင်းရှင်များ ဖွင့်လှစ်ခြင်း အခြေအနေများကို ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကော်မတီသို့ တင်ပြကြရန် ဧပြီလ ၂၆ ရက် နေ့စွဲဖြင့် ပြည်ထောင်စု လွှတ်တော်ရုံးက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ ပန်ကြားထားခဲ့ပြီး ဖြစ်ကြောင်းကိုလည်း ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ယနေ့ အကြောင်းကြားစာတွင် ရည်ညွှန်း ဖော်ပြထားသည်။
လွှတ်တော် ကိုယ်စားလှယ်များက အဆိုပါ အခြေအနေများနှင့် အတူ လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ရန်ပုံငွေ သုံးစွဲခွင့်များကို အဆိုပြုချက် ပုံစံ (၁) ဖြင့် ပြည်ထောင်စု လွှတ်တော်ရုံးသို့ပေးပို့ကြရမည် ဖြစ်သည်။ အဆိုပြုချက် ပုံစံတွင် မည်သည့် လုပ်ငန်းများ အတွက် မည်မျှ အသုံးပြုမည် စသည့် အကျိုးအကြောင်းများ ဖော်ပြရာတွင် ယခင် ဘဏ္ဍာနှစ်များနည်းတူ လုပ်ငန်းတစ်ခုအတွက် ကျပ်သိန်း ငါးဆယ်ထက် မပိုဘဲ ဆောင်ရွက်ကြရမည် ဖြစ်သည်။
“သောက်သုံးရေ ရရှိရေးနဲ့ လမ်းတံတား လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်ရမယ်လို့ ညွှန်ကြားထားပါတယ်။ ကိုယ့်မြို့နယ်မှာ အမှန်တကယ် လိုအပ်နေတဲ့ တခြားလုပ်ငန်းလေးတွေလည်း ရှိတော့ ဥပမာ- ကျောင်းမှာ လူသွားလမ်းတိုလေး ထပ်လုပ်ဖို့လိုနေတာမျိုး၊ ပညာရေးဌာနရဲ့ ဘတ်ဂျက်ခွဲတမ်းက ရှိပြီးသား ဆိုပေမယ့် အဲဒီလျာထားချက်ထဲမ ပါဘဲ တကယ်လုပ်ဖို့လိုနေတာမျိုးတွေကို အကျိုးအကြောင်း အဆိုပြုချက် တင်ပြပြီး ဒီရန်ပုံငွေထဲက သုံးရတာတွေ ရှိပါတယ်” ဟု သနပ်ပင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ဆင်ဟွာကို ပြောသည်။
၎င်းက ပထမအကြိမ် လွှတ်တော်အတွက် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့သည့် NLD ပါတီဝင် တစ်ဦးဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော်တွင် သနပ်ပင်မြို့မှပင် ဆက်လက် အနိုင်ရခဲ့သူ ဖြစ်၍ ပြည်ထောင်စု လွှတ်တော် ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှုတွင် အတွေ့အကြုံ ရှိပြီးသူလည်း ဖြစ်သည်။
“ဒီနှစ်မှာလည်း သောက်သုံးရေနဲ့ လမ်းတံတားလေးတွေ လုပ်ရမှာပါ။ တကယ်က သိန်းငါးဆယ်က ရေတွင်းတို့ တံတားအတိုလေးတွေ၊ လမ်းကျဉ်းကလေးတွေ အတွက်တောင် မလောက်တဲ့ နေရာမျိုးတွေ ရှိပါတယ်။ ချောင်းကူး တံတားလေး ဆောက်ဖို့သိန်း ၇၀ လောက် ကုန်မယ်ဆိုရင် ကျွန်တော်တို့ရန်ပုံငွေက ငါးဆယ်နဲ့ ကျန်တဲ့ နှစ်ဆယ်ကို ကျေးရွာက စုပေါင်းပြီး ထည့်လိုက်လို့အောင်မြင်သွားတာမျိုးတွေ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်တော်တို့မြို့နယ်မှာ ၉၀ ရာခိုင်နှုန်း အထက် အောင်မြင်ခဲ့တယ်။ ချို့ယွင်းချက်လေး တချို့ရှိခဲ့လို့ပါ” ဟု ဦးမြင့်ဦးက ရှင်းပြသည်။
ရပ်ကျေး အုပ်ချုပ်ရေးမှူး၏ အလွဲသုံးမှုများ ရှိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ အဆိုပြုချက် ပုံစံတွင် တင်ပြထားသည့် လုပ်ငန်းအား အမှန်တကယ် မဆောင်ရွက်ဘဲ ထိုငွေကို အခြားလုပ်ငန်းတစ်ခုတွင် အသုံးပြုထားခြင်းမျိုး ဖြစ်သည်။
“ဥပမာဗျာ- အနောက် ချောင်းကူး တံတား ပြင်ဖို့ဆိုပြီး သိန်းငါးဆယ် ချပေးလိုက်တယ်။ ပြီးခဲ့တဲ့ အပတ်က သွားစစ်တော့ အရင်အတိုင်း တံတားအပျက်ပဲ တွေ့ရတယ်၊ အုပ်ချုပ်ရေးမှူး အသစ်ကို ခေါ်မေးတော့ သူ မသိဘူး၊ ကျေးရွာက ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့ဝင်ကို မေးတော့လည်း မသိဘူး၊ ဒါပေမယ့် ငွေထုတ်တဲ့ နေရာမှာ သူ့လက်မှတ် ပါနေတယ်။ တခြား တံတားအဟောင်း တစ်ခု ပြင်လိုက်တယ်လို့တော့ အကြောင်းပြ ထားတယ်၊ အုပ်ချုပ်ရေးမှူးဟောင်းကိုလည်း ဒီနေ့အထိ ဆက်သွယ်လို့မရဘူး၊ အမှန်က ဒီလို ခေါင်းစဉ် ပြောင်းပြီး သုံးခွင့် မရှိဘူး။ ဒီလို ပြောင်းမယ်ဆိုရင် မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည် ဖော်ရေး အဖွဲ့က စည်းဝေး ဆုံးဖြတ်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်း ဗဟိုကော်မတီကို တင်ရတယ်။ ဗဟိုကော်မတီက ခွင့်ပြုမှ လုပ်ခွင့်ရှိတယ်။ ဒီကိစ္စကို ကျွန်တော် အခု စိစစ်နေတယ်၊ တာဝန်ရှိသူကို တရားစွဲသင့် မသင့် စဉ်းစားနေတယ်” ဟု ၎င်းက ရှင်းပြသည်။
လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ထိုကိစ္စမျိုး မကြုံရအောင် ဖွံ့ဖြိုးရေး လုပ်ငန်း အားလုံးတွင် အသေအချာ ကြပ်မတ်ဖို့လိုသည်ဟုလည်း ၎င်းက အကြံပြုသည်။
သောက်သုံးရေ အခက်အခဲ မရှိသည့် ပဲခူးတိုင်း ဒေသကြီး ဒိုက်ဦး မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး ဘုန်းမြင့်အောင်ကမူ “ ဦးစားပေးဖြစ်တဲ့ လမ်း တံတားတွေ ပြီးရင် ပညာရေးဘက်မှာ လိုအပ်တာတွေကို ဖြည့်ဆည်း ဆောင်ရွက်သွားဖို့စီစဉ်ထားတယ်။ ပညာရေးဌာနရဲ့ ဘတ်ဂျက်ခွဲတမ်း ရှိတာ မှန်ပေမယ့် ကျေးလက်တွေက ကျောင်းတွေမှာ မဖြစ်မနေ လုပ်ပေးရမယ့် လုပ်ငန်းလေးတွေ ရှိနေလို့ပါ” ဟု ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.