Connect with us

Social

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ သဘာဝပန်းများဖြင့် ပန်းအလှဆင်ပွဲတော် ကို ဒီဇင်ဘာလ ၁၈ ရက်တွင် စတင်ကျင်းပမည်

ပြင်ဦးလွင် ပန်းပွဲတော်တွင် ပန်းများ အလှဆင်ထားမှုများအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ဒီဇင်ဘာခြံတွင် ပန်းအစစ်များကို အသုံးပြု၍ ပန်းအလှဆင်ပွဲတော်ကို ဒီဇင်ဘာ ၁၈ ရက်မှ ဇန်နဝါရီ ၁၈ ရက်အထိ တစ်လကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပန်းပွဲတော်ကို လာရောက်အပန်းဖြေသူများ စိတ်ကြည်လင်အေးချမ်းမှုရှိစေရန်၊ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ဒေသပန်းမျိုးရင်း ၃၀ ဝန်းကျင်နှင့် ထိုင်းနိုင်ငံမှတင်သွင်းလာသည့် ပန်းမျိုးစိတ် ၃၀ တို့ပါဝင်သည့် စုစုပေါင်း အပင်ရေလေးသိန်းခန့်ဖြင့် အလှဆင်ပြသသွားမည်ဖြစ်ပြီး ပြည်တွင်းပန်းအလှဆင်ပညာ ရှင်များ တီထွင်ဖန်တီးထားသည့် ပန်းရေတံခွန်၊ ပန်းလှည်း၊ အသည်းပုံပန်းပွင့်ပန်းခင်းများ စသည်တို့ကိုလည်း အလှဆင် ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာခြံသည် လက်ရှိတွင် ဧကပေါင်း ၁၅ဝကျော်ရှိသည့်အနက် ယခု ကျင်းပမည့် ပန်းအလှဆင်ပွဲတော်ကို ဧက ၅၀ အသုံးပြုသွားမည်ဖြစ်ပြီး ပွဲတော် ကာလတွင် ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် တစ်ထောင်ကျပ်နှုန်း ကောက်ခံသွား မည်ဖြစ်သည်။

ယခုနှစ် ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်မြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် အမျိုးသားကန်တော်ကြီးဥယျာဉ် ပန်းပွဲတော်အပြင် ဒီဇင်ဘာခြံမှ ကျင်းပမည့် ပန်းအလှဆင်ပွဲတော်နှင့် ပြင်ဦးလွင် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူများ အသင်းကစီစဉ်သည့် ထောပတ်သီးပွဲတော်တို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)