Connect with us

Social

မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသော ဝံကြောင် တစ်ကောင်ကို လွိုင်ကော်မီးသတ်တပ်ဖွဲ့က ကယ်ဆယ်စောင့်ရှောက်ထား

လွိုင်ကော်မီးသတ်ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားသည့်ဝံကြောင်အားတွေ့ရစဉ် (ဓာတ်ပုံ--လွိုင်ကော်မီးသတ်)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တိရစ္ဆာန်ထဲတွင် ပါဝင်သည့် ဝံကြောင်တစ်ကောင်သည် ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်သို့ရောက်ရှိလာရာ လွိုင်ကော်မီးသတ်တပ်ဖွဲ့က ကယ်ဆယ်၍ ဆေးကုသပေးထားကြောင်း နှင့် ဒဏ်ရာများသက်သာလျက်ရှိကြောင်း လွိုင်ကော်မြို့မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ ဦးညီထွေးဦးကဆင်ဟွာသို့ ဒီဇင်ဘာ ၁၇ ရက်တွင်ပြောသည်။

“ဖြစ်စဉ်က ဒီဇင်ဘာ ၁၃ ရက်နေ့က လွိုင်ကော်မြို့ ရွှေတောင်ရပ်ကွက်မှာ ဝံကြောင်က လျှောက်သွားနေတာ။ အဲဒီမှာရပ်ကွက်က ရိုက်ပြီးဖမ်းထားတာ။ အဲဒါကို ကျွန်တော်တို့က လှောင်အိမ်နဲ့သွားဖမ်းပြီး ကျွန်တော်တို့ ဌာနမှာပဲ လောလောဆယ်စောင့်ရှောက်ပေးထားတယ်’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

လွိုင်ကော်မီးသတ်ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားသည့်ဝံကြောင်အားတွေ့ရစဉ် (ဓာတ်ပုံ–လွိုင်ကော်မီးသတ်)

လွိုင်ကော်မီးသတ်ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားသည့်ဝံကြောင်အားတွေ့ရစဉ် (ဓာတ်ပုံ–လွိုင်ကော်မီးသတ်) 

အဆိုပါ ဖမ်းဆီးရမိသည့် ရှားပါးဝံကြောင်သည် အမဝံကြောင်တစ်ကောင် ဖြစ်ပြီး ပြည်သူများအား ရန်မူသောကြောင့် မြို့ခံများက ရိုက်နှက်ဖမ်းဆီးခဲ့ရာ မျက်လုံးတစ်ဖက်တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

“အရွယ်အစားက အမြီးကနေ ခေါင်းအထိ ဆိုရင် ၃ ပေလောက်ရှိတယ်။လက်ရှိမှာ မျက်လုံးဒဏ်ရာလည်း သက်သာသွားပါပြီ။ သူမျက်စိလည်ပြီးရောက်လာသလားတော့ အတိအကျမသိဘူး။ စုံစမ်းကြည့်ရသလောက် လောပိတဘက်မှာလည်း ဝံကြောင်အကောင်ပေါက်ကလေးတွေ တွေ့တယ်လို့ တောလိုက်တဲ့သူတွေကပြောကြပါတယ်’’ ဟု ဦးညီထွေးဦးကဆက်ပြောသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သို့ ဝံကြောင့်နှင့်ပတ်သက်၍ အကြောင်းကြားထားကြောင်း သစ်တောဦးစီးဌာနကလာမခေါ်မချင်း မီးသတ်ဦးစီးဌာနက ဆက်လက်စောင့်ရှောက်ထားမည်ဖြစ်ကြောင်းဆိုသည်။

သစ်တော ဦးစီးဌာနသည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာဥပဒေပုဒ်မ ၁၉ ၊ ပုဒ်မခွဲ (က) အရ မြန်မာနိုင်ငံတစ်ဝန်း လုံးတွင် မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တိရစ္ဆာန် များထဲတွင် ဝံကြောင်တိရစ္ဆာန် မျိုးစိပ် လည်းပါဝင်ကြောင်း ၂၀၂၀ ပြည့်နှစ် မတ် ၄ ရက်တွင် ထုတ်ပြန်ထားသည်။ (Xinhua)